Tuesday, 8 September 2015

ဟဂ်ျခရီးစဉ်အစ အပိုင်း(3)

ဟဂ်ျခရီးစဉ်အစ အပိုင်း(3)
==============

ဟဂ်ျခရီးစဉ်အစပြုတော့မယ်လို့ ရည်ရွယ်လိုက်တာနဲ့ ရေမိုးချိုးရမည်။ မိမိအိမ်မှ မထွက်ခါမီ ခန္ဓာကိုယ်သန့်ရှင်းမှုပြုပြီး ခြေသည်းလက်သည်းများကို လှီးပြီး တကိုယ်လုံးရေမထိသောနေရာ မကျန်မိစေရန် ဂရုစိုက်၍ ရေချိုးရမည်။ ပြီးလျှင် အဲဟ်ရာမ် ၂ စကိုဝတ်ဆင်ပါ။ အဲဟ်ရာမ်ဝတ်ဆင်ပြီးသောအခါ မက္ကရူးဟ်အချိန်မဟုတ်ပါက နမာဇ် ၂ရကအသ်ဝတ်ပြုရမည်။ ပြီးနောက် ဦးထုတ်ချွတ်ပြီး ကျွန်တော်မျိုးသည် အွမ္မရာဟ်အတွက် နိယသ်ပြုပါသည်ဟု ဆိုပြီး သလ်ဗီယာကို ရွတ်ဆိုရမည်။ သလ်ဗီယာ မှာ

"လဗ်ဗိုက် အလ္လာဟွမ္မလဗ်ဗိုက် လဗ်ဗိုက်လာရှရီးက လက လဗ်ဗိုက် အင်န်နလ်ဟမ်ဒ ဝန်နိအ်မသ လကဝလ်မွလ်က်"

တကယ်လို့ မိမိအိမ်ကနေ အဲဟ်ရာမ်မဝတ်ဘဲ လေယာဉ်ပေါ်မှာ ဂျစ်ဒ်ဒဟ်မရောက်ခင် ၂နာရီအလို လေယာဉ်ပေါ်မှာပဲ အဲဟ်ရာမ်ရုံပါက ဆွလားသ် ၂ရကအသ်ဝတ်ပြုပြီး နိယသ်ပြုကာ သလ်ဗီယာ ရွတ်ဆိုလိုက်ရမည်။ ဆွလာသ်ဝတ်ပြုရန်မလွယ်ကူပါက အဲဟ်ရာမ်ဝတ်ပြီး နိယသ်ပြုကာ သလ်ဗီယာဆိုလိုက်ရမည်။ သလ်ဗီယာမဆိုပါက နိယသ်အထမမြောက်ပါ။

အမျိုးသမီးများအတွက် အဲဟ်ရာမ်

အမျိုးသမီးများအတွက် အဲဟ်ရာမ်မှာ မိမိတို့နေ့စဉ် အမြဲဝတ်နေကျ လုံခြုံတဲ့အဝတ်အစား ချုပ်ထည်များဖြစ်ပါတယ်။ အရောင်နဲ့လည်းဝတ်နိုင်ပါတယ်။ မျက်နှာကို အဝတ်နဲ့ ထိကပ်နေအောင် ဖုံးအုပ်မထားရပါ။ ဦးခေါင်း၊ ဆံပင်များ မပေါ်စေရန် ပုဝါ နှင့် လုံခြုံစွာ စည်းထားရပါမယ်။ အဝတ်အစားများ လဲလှယ်နိုင်ပါတယ်။ အွမ္မရာ ဒါမှမဟုတ်၊ ဟဂ်ျရဲ့လုပ်ငန်းဆောင်တာများ မပြီးမချင်း ဘယ်အဝတ်အစားပဲ လဲလှဲထားထား၊ အဲဟ်ရာမ်ဝတ်ထားတဲ့ အခြေအနေမှာပဲဖြစ်ပါတယ်။

အဲဟ်ရာမ်ရုံထားစဉ် လိုက်နာရမည့်အချက်များ

၁။ အဲဟ်ရာမ်ရုံထားချိန် ဇနီးမောင်နှံ ကိုယ်လက်နှီးနှောခြင်း မပြုရ။

၂။ ရာဂစိတ်ဖြစ်စေမည့် စကားအသုံးအနှုန်း အမူအရာများမပြုရ။

၃။ လက်သည်း၊ ခြေသည်း၊ မလှီးရ၊ မညှပ်ရ၊ မခွါရ၊ မကိုက်ရ။

၎။ ဆံပင် အမွှေးအမှင်များ မနှုတ်ရ၊ မညှပ်ရ၊ မရိတ်ရ။

၅။ ညစ်ညမ်းသောစကား၊ ဆဲဆိုသောစကားများ ပြောဆိုခြင်းမပြုရ။

၆။ ရေမွှေးမသုံးရ၊ မလိမ်းရ၊ မရှုရ။

၇။ အမွှေးနံပါသော တစ်ရှူး၊ စက္ကူ၊ ရေမွှေးစွတ်ထားသည့် စက္ကူ မသုံးရ။

၈။ မျက်နှာကို အဝတ်ဖြင့် ဖုံးမထားရ၊ နဖူးနှင့် ထိကပ်ကာ မှောက်အိပ်ခြင်း မပြုရ။

၉။ မွှေးကြိုင်သည့် ဆပ်ပြာဖြင့် ကိုယ်တိုက်ခြင်း၊ လျှော်ခြင်းမပြုရ၊ သွားတိုက်ဆေးဖြင့် သွားမတိုက်ရ။

၁၀။ သားကောင်များမသတ်ရ။ မညွှန်ပြရ။

၁၁။ အမျိုးသားများ ခေါင်းပေါ် အဝတ်၊ ဦးထုတ် မတင်ရ။ အမျိုးသမီးများ ခေါင်းစည်းမချွတ်ရ။

၁၂။ အမျိုးသားများ ခြေဖမိုး ဖုံးသည်အထိ ဖိနပ်မစီးရ။

အမျိုးသမီးများ နှစ်သက်ရာ ဖိနပ်စီးနိုင်သည်။ လက်အိတ်၊ ခြေစွပ်စွပ်နိုင်သည်။ ရတနာ ပစ္စည်းဝတ်နိုင်သည်။
၁၃။ လူသားအတွက် အန္တရာယ်ပြုသော သားကောင်များ ရန်မူခြင်းမရှိပါက မသတ်ရ။ လူသားအတွက် အဆိပ်ဖြစ်မည့် ယင်ကောင်၊ ခြင်ကောင်စသည်များ သတ်ခွင့်ရှိသည်။ လူသားအတွက် စားခွင့်ပြုထားသည့် ကြက်၊ ဘဲ၊ ဆိတ်၊ နွား၊ ကုလားအုတ်များ ဇဗာဟ်လုပ်၍စားပိုင်ခွင့်ရှိသည်။

By အလ်မိုဖီးဒ်


No comments:

Post a Comment