(အဓိပ္ပါယ်ရှိသော နံနက်ခင်း တစ်ခု။ )
*****************************************
အပြင်မှာ မိုးတွေမသည်းပေမယ့် ဖွဲဖွဲလေးတော့ ရွာနေတယ်။
အရင်ကတော့ မိုးရွာ မရှောင် အပြင်ထွက် လဘက်ရည်သောက် စကားပြော အလုပ်သွား။
ဒီနေ့အပြင်မသွားနိုင်ဘူး။ အိပ်ယာထက်မှာ ရက်သတ္တပါတ် ကျော်နေပြီ။
ချောင်းဆိုးရတာ မကောင်းဘူး။ ချောင်းက အဆက်မပြတ်ဆိုးနေတယ်။
ရင်ထဲမှာလည်း ကျပ်နေတယ်။ ဒီနေ့က ခါတိုင်းနေ့ တွေနဲ့ မတူဘူးလေ။
စိတ်ထဲမှာသတိက ရတချက် မရတချက်နဲ့။ အိပ်ယာထက်မှာ ဟိုဘက် လှည့်လိုက် ဒီဘက်လှည့်လိုက်။
နေရတာလည်း မအီမသာ၊ ဂဏာမငြိမ်ဖြစ်လို့နေတယ်။
ဆရာဝန်လာမယ်တဲ့။
တပ်ထားတဲ့ ပိုက်ကတန်းလန်း၊ အစာကိုပိုက်နဲ့ မစားချင်ဘူး။ ရေကိုပိုက်နဲ့ မသောက်ချင်ဘူး။
ဒါပေမယ့် အပေါ့တောင်ထမသွားနိုင်ဘူး။
စိတ်ထဲမှာသိနေတယ် ငါကျန်းမာနေပါတယ်။ ဘာတွေဖြစ်နေရတာလည်း။
ခေါင်းကို ခါယမ်းလိုက်ပြီး မျက်နှာပျက်နေတဲ့ ဆရာဝန်ရဲ့ မျက်နှာကို သတိတစ်ချက် လည်ချိန်မှာ မြင်လိုက်တယ်။ ဘာတွေလည်း ……………………….ဘာတွေလည်း …………………….
ငိုချင်မိတယ်။
အရမ်း ဝမ်းနည်းလာတယ်။
ဟာ
ချစ်ရတဲ့ ဇနီးသည်ရဲ့ ငိုသံသဲ့သဲ့ကြားနေတယ်။
စောင်း ငဲ့ကြည့်မိတော့လည်း-----
ငါ့ ကလေးက မျက်နှာငယ်လေးနဲ့ ကြည့်နေပါလား။
အို….အလ္လာဟ်ရေ မခံစားနိုင်လို့ပါ။ ကျွန်တော့် နောက်ဆုံးအချိန်ရောက်နေပြီလား။။……
အတွေးတွေဝိုးတိုးဝါးတား…..
လက်တွေလှုပ်ကြည့်တယ် အ၇င်လို မစွမ်းတော့ဘူး။ စကားပြောဘို့ကြိုးစားတယ် ထွက်မလာဘူး။
အက်စ်သဂ်ဖွေရွလ္လာဟ်။
အမေကို အရမ်းသတိရမိတယ်။ ရင့်ကျက်လွန်းတဲ့ ကျွန်တော် ဘာလို့ ငှက်ကလေးတစ်ကောင်လို ဖြစ်နေရတာလဲ။ မျက်ရည်တွေ ပါးပြင်မှာပူကနဲဘဲ။
အဆက်သွယ်ပျက်နေတဲ့ ဆွေမျိုးတွေအိမ်ကိုရောက်နေတယ်။ မရောက်စဖူးပါလား။ ဘာတွေလည်းကွာ
ငါ့ မိုင်ယသ် များလိုက်ပို့ဖို့လား ။
အားလုံးက သနားတဲ့ အကြည့်တွေနဲ့။ အားးးးးးး အဲ့လို အကြည့်တွေမခံနိုင်ဘူး။
ငါ ဘာမှ မဖြစ်ပါဘူး။ ဘာမှ မဖြစ်ရဘူး။
ဒါပေမယ့် သိနေတယ်။ ခြေဖျားတွေအေးလာတယ်။ တကိုယ်လုံးလည်း မလှုပ်ရှားချင်တော့ဘူး။
အိုအလ္လာဟ် ကျွန်တော့်ကို သနားပါ။
ကလေးက ဘေးက ခေါ်နေတယ်။
ဘာလို့ ငါ့နားမှာ စူရာဟ် ယာစင်န် ဖတ်နေရတာလဲ။ တကယ်ဘဲလား။ မယုံနိုင်ဘူး
အတွေးတွေ တန်းစီဝင်လာတယ်။
မျက်ရည်တွေနဲ့ စိတ်ထဲမှာ စကားတွေကို ပြောနေမိတယ်။
အလ္လာဟ်ရယ် ကျွန်တော် မသေပါရစေနဲ့အုံး။
ဆွလားသ်တွေကို လစ်လျူရှုခဲ့ပါတယ်။ လုံးဝကို ဂရုမစိုက်ခဲ့မိဘူး။
နောက်ဆုံး တောင်းဆိုပါတယ် အလ္လာဟ်ရယ် နှစ်ရကအသ်ဘဲ ဖတ်ခွင့်ပြုပါ။ နှစ်ရကအသ်ထဲပါ နော်….
မရနိုင်တော့မှန်းလည်း သိပါတယ်။
ကုရ်အာန် ကျမ်းမြတ်ကို ရွတ်ဖတ်ပါရစေ ။ မရနိုင်တော့မှန်းလည်း သိပါတယ်။ မျက်စိတောင်မဖွင့်နိုင်တော့ပါလား။။။
ခဏလေးပါ ခဏလေးပါ မဖ်တောင်းပါတယ် အလ္လာဟ်ရယ်။
ကိုယ့်ကိုကိုယ် သိပါတယ်။ တော်ရာမှာမနေ ပျော်သလို ဘဝကို ကုန်ဆုံးခဲ့တယ်။
အလ္လာဟ်တားထားမှန်းသိရက်နဲ့ ကို ဂုနာဟ်တွေကျူးလွန်ခဲ့တယ်။ အာ မပြောထွက်ဘူး အပြစ်တွေအများကြီးဘဲ
အလ္လာဟ် ခွင့်လွှတ်ပါ့မလား။ ခွင့်လွှတ်ပါနော်.။။ ကလေးရဲ့ ငိုသံက အဆက်မပြတ်ဘူး…..မိုးသည်းလာသလိုဘဲ အသံတွေကြားနေရတယ်။
ချစ်ရတဲ့ ဟလာလ် ဇနီးမယားကိုလည်း အရာရာ အနိုင်ယူခဲ့တယ်။
စီးပွားရေးမှာလည်း မှန်တလှည့် ညာတလှည့်။
ရာမ်ဇာန် လ လာတော့မှာလေ အလ္လာဟ်ရယ် ရိုဇာထားခွင့်လေး မပေးတော့ဘူးလား။
ဇကားသ်ကို လည်း စနစ်တကျ သေချာထုတ်ပါ့မယ်။ ဂရုမစိုက်မိတဲ့ နှစ်တွေကို ပြန်သတိရလာတယ်။
ကိုယ့်ကိုကိုယ် မယုံလို့ ဟဂ်ျ မလုပ်ဘူးဆိုတဲ့ ဆင်ခြေတရားဝင်ပါ့မလား။။
ဒီနှစ်သွားမယ်လေ အလ္လာဟ်ရယ်။ သနားပါနော်။ မျက်ရည်တွေလှိမ့်ဆင်းလာတယ်။
တမန်တော်မြတ်ရဲ့ ရောင်ဇွာမှာ စလာမ်ပို့ချင်လို့ပါ။
ဘေးက နေ ငါ့ကို ကလိမာဟ် ပေးနေပါလား။ အရှ်ဟဒုအလ္လား အိလားဟာ အိလ္လလာဟ် တဲ့
ဝအရှ် ဟဒုအန်န မုဟမ္မဒန် ရစူလွလ္လာဟ်။
လိုက်ဆိုရတော့မယ်။ ဟုတ်တယ်။ ဘာဘဲ ဖြစ်ဖြစ်ပေါ့ သက်ရှိတိုင်းသေခြင်းအရာသာ မြည်းစမ်းရမယ်တဲ့။
ဒါပေမယ့် ငါမျှော်လင့်ထားတာထက် ကြောက်မိနေတာ အမှန်ဘဲ။
ရင်ထဲမှာကျပ်လာတယ်။ အသက်ရှုမဝတော့ဘူး။
ကလိမာဟ်ကိုလိုက်ဆိုဘို့ကြိုးစားတယ်။ ဟာ မထွက်ပါလား။ ငါ့လျှာတွေလေးနေတယ်။
ထပ်ကြိုးစားတယ်။ မရပြန်ဘူး။ ဟာ ဘယ်လို ဖတ်ဖတ် မရပါလား။
နောက်ဆုံးတကြိမ်ဖြစ်ကောင်းဖြစ်နိုင်တယ် ထပ်ကြိုးစားနေမိတယ်။ လုံးဝကိုဖတ်လို့မရဘူး။
အလ္လာဟ်ရယ် ကျွန်တော် မကောင်းတာ ကျွန်တော်သိပါတယ်။ အပြစ်တွေကြောင့်လား မြင့်မြတ်တဲ့
ကလိမဟ်တော်လေးတောင် ဖတ်မရတော့ဘူး။ ဇောချွေးတွေပြန်လာတယ်။
ဟာ တကယ်ကို ဖတ်မရတာ….အရမ်း အားယူပြီးကြိုးစားတယ်။
အခုနေများ ဆက်ရှင်နေခွင့်ရရင် ဘယ်လောက်ကောင်းမလဲ။ ဇကိရ် များမြောင်စွာလုပ်ချင်လာတယ်။
ဆွလားသ်တွေ မပြတ်ဖတ်မယ်။ အပေးအယူတွေလည်း မှန်အောင်လုပ်ပါ့မယ်။ အမှန်ကိုသိရင် အမှန်ကိုလက်ခံမယ်။ အမှားကို စွန့်ပါမယ်။
ဇကိရ် များမြောင်စွာလုပ်ချင်လာတယ်။
ဆွလားသ်တွေ မပြတ်ဖတ်မယ်။ အပေးအယူတွေလည်း မှန်အောင်လုပ်ပါ့မယ်။ အမှန်ကိုသိရင် အမှန်ကိုလက်ခံမယ်။ အမှားကို စွန့်ပါမယ်။ ဇကားသ်တွေလည်း မှန်အောင်ပေးမယ်။ ရစူလ်ရဲ့စွန္နဟ် အတိုင်း ဘဝကို တည်ဆောက်ပါမယ်။ အခု တကယ်ကို ဆုံးရှုံးရပြီလား။ တကြိမ်လေးဘဲ ပြင်ခွင့်ပေးပါ။
ကျွန်တော်မသေပါရစေနဲ့အုံး။
မသေပါရစေနဲ့အုံး။ ပြင်ဆင်စရာလေးတွေရှိလို့ပါ။ စိတ်မချစရာလေးတွေရှိနေသေးလို့ပါ။
ဘဝကို ငြိမ်းချမ်းသော မွတ်စလင်မ် တယောက်အဖြစ်ကုန်ဆုံးချင်တယ်။။။။
ကဲ နောက်ဆုံးအားယူပြီး ရှိသမျှ ခွန်အားတွေလက်ကျန်လေး နဲ့ ရွတ်မိဖတ်မိတယ်။
(လားအိလားဟ အိလ္လလာဟ် မုဟမ္မဒွရ် ရစူးလွလ္လာဟ်။)
ကို။။။။။ ကို။။။။။ ဘာဖြစ်တာလဲ ဟင် ထတော့လေ မနက် ၈နာရီထိုးပြီ။ ဟောတော့ ဇောချွေးတွေလည်း ပြန်လို့ပါလား။ ထထ ဘာလို့ အကျယ်ကြီးကလိမာဟ် ထအော်တာလဲ ကို။ အရမ်းမောနေလား။
ချစ်ရတဲ့ ဇနီးမယားရဲ့အသံ။ ဟုတ်တယ် မနေ့ညက အအေးမိပြီး ဖျားနေတာ။
အလ်ဟမ်ဒုလိလာဟ် ငါ အိပ်မက်မက်နေတာဘဲ။
ကလေး ရဲ့ ကစားသံ အော်ဟစ်သံ ကြားနေရတယ်။ ငါ ဖဂျရ် တောင်လွတ်သွားပါလား လို့ တခါမှ မတွေးဖူးတာ။ အခုမှ တွေးမိတော့တယ်။
ဒီနေ့ နေထွက်တာ သိပ်အဓိပ္ပါယ်ရှိသွားပြီ။
အားအင်သစ်တွေနဲ့ အိပ်ယာထက်က ထလှမ်းလိုက်တယ်။
စိတ်ထဲက ရေရွတ်မိတယ်။ အို အလ္လာဟ် ကျွန်တော်ဟာ အလ္လာဟ်ဖော်ညွှန်းတဲ့ မွတ်စလင်မ် မုအ်မင်န် ဖြစ်ရပါစေမယ်။ ရစူလ် ရဲ့ အွမ္မသ်ကောင်းဖြစ်ရပါစေမယ့်။ ပြင်ဆင်ချိန်ပေးတဲ့ အရှင့်ကို စဂျဒါဦးခိုက်ပါတယ်။
(လက်ရှိ မွတ်စလင်မ် ဘဝကို တန်ဘိုးထားတတ်ကြပါစေ။) သောင်ဗဟ် တံခါး ဖွင့်ထားတယ်တဲ့ အရှင်မြတ်က။အကြိမ်ကြိမ် အဖန်ဖန် ခွင့်လွှတ်ချမ်းသာ ပေးသနားမယ်တဲ့။
(အလ္လာဟ်ဟုအက္ကဘရ် အလ္လာဟ်ဟုအက္ကဘရ် အလ္လာဟ်ဟုအက္ကဘရ် ဝလိလ္လား ဟိလ် ဟမ်ဒ)
ရေးသားသူ--Mee Mee Lay's Brother
2011/6/19
By
Arsif Aslam Arsif Aslam
မွတ်စလင်တိုင်း မွတ်စလင်တိုင်း လက်ရှိ မွတ်စလင်မ် ဘဝကို တန်ဘိုးထားတတ်ကြပါစေ..အာမီးန်
Friday, 4 September 2015
(အဓိပ္ပါယ်ရှိသော နံနက်ခင်း တစ်ခု။ )
Subscribe to:
Post Comments (Atom)
No comments:
Post a Comment