(၃) အစ္စလာမ်၏ယုံကြည်ချက်များ
(၁) အလ္လာဟ်အရှင်မြတ်အား ယုံကြည်ခြင်း။
(၂) ထိုအရှင်မြတ်၏ ကောင်းကင်တမန်များကို ယုံကြည်ခြင်း။
(၃) ထိုအရှင်မြတ်၏ ကျမ်းဂန်များကို ယုံကြည်ခြင်း။
(၄) ထိုအရှင်မြတ်၏ တမန်တော်များကို ယုံကြည်ခြင်း။
(၅) စကြဝဠာပျက်ဆီးဆိတ်သုဉ်းမည့်နောက်ဆုံးနေ့ကို ယုံကြည်ခြင်း။
(၆) သေပြီးနောက် ရှင်ပြန်ထရမည်ကိုယုံကြည်ခြင်းဟူ၍ဖြစ်သည်။
(၄) အစ္စလာမ်၏ အမြစ်တရားငါးပါး
(၁) အလ္လာဟ်အရှင်မြတ်မှတပါး ကိုးကွယ်ရာဟူ၍အလျဉ်းမရှိသည်ကိုလည်းကောင်း၊
တမန်တော်မြတ် မုဟမ္မဒ်(صلي الله عليه و سلم)သည် ထိုအရှင်မြတ်၏ တမန်တော်ဖြစ်သည်ကိုလည်း ယုံကြည်သက်သေခံခြင်း။
(၂) ဆွလာသ်ဆောက်တည်ခြင်း (ဝတ်ပြုခြင်း)။
(၃) ဇကားသ်ပေးလှူခြင်း။
(၄) ဆွီယာမ် ဥပုသ်ဆောက်တည်ခြင်း။
(၅) ဟဂ်ျပြုခြင်းဟူ၍ဖြစ်လေသည်။
အစ္စလာမ်၏ယုံကြည်ချက်များကို လက်ခံယုံကြည်သူ မွတ်စလင်တစ်ဦးသည်
တမန်တော်မြတ်(صلي الله عليه و سلم) ချမှတ်တော်မူသည့် ကျင့်စဉ်ကျင့်ရပ်များနှင့်အညီ
တစ်နေ့လျှင်ငါးကြိမ် ဆွလာသ်ဆောက်တည်ရသည်။
စားဝတ်နေရေးအတွက်လိုအပ်သည်ထက်ပိုသော ဥစ္စာပစ္စည်းများထဲမှ
ဆင်းရဲသားများအား ဇကားသ် ပေးလှူရသည်။
တစ်နှစ်တွင် တစ်လ ဆွီယာမ်ဥပုသ်ဆောက်တည်ရသည်။
ခရီးစရိတ်တတ်နိုင်လျှင် တစ်သက် တစ်ခါမက္ကာမြို့တော်သို့ သွားရောက်၍
ဟဂ်ျပြုရသည်။ ဤသည်ကား အစ္စလာမ်၏ အခြေခံယုံကြည်ချက်များနှင့်ကျင့်စဉ်များဖြစ်ပေသည်။
(၅) တစ်မိတစ်ဖတည်း အစ္စလာမ်အယူဝါဒအရ
ကမ္ဘာသူ ကမ္ဘာသားအားလုံးတို့သည် တစ်မိတစ်ဖတည်းမှ
ဆင်းသက်ပေါက်ဖွားလာကြသော ညီရင်းအစ်ကို မောင်ရင်းနှမများပင်ဖြစ်ကြပေသည်။
“အို-လူသားအပေါင်းတို့၊ ငါအရှင်မြတ်သည်အသင်တို့အားတစ်မိတစ်ဖတည်းမှစတင်ဖန်ဆင်းတော်မူခဲ့သည်။
အသင်တို့အချင်းချင်း သိကျွမ်း၍မေတ္တာသက်ရန်အလို့ငှာငါအရှင်မြတ်သည်
အသင်တို့အားလူမျိုးအဖုံဖုံ၊မျိုးနွယ်အစားစားပြုလုပ်ထားတော်မူသည်။
ငါအရှင်မြတ်ထံတော်၌ အမွန်မြတ်ဆုံးသောသူမှာ
စင်ကြယ်သန့်ရှင်းအပြစ်ကင်းသူသာဖြစ်ပေသည်။” (ကုရ်အာန် ၄၉း၁၃)
(၆) လူတန်းစားမခွဲ အစ္စလာမ်အယူဝါဒတွင်
လူတန်းစားခွဲခြားမှုအလျဉ်းမရှိ။
အဖြူသည် အနက်ထက်မသာ၊ ကိုယ်ကျင့်တရား ကောင်းခြင်းအားဖြင့်
တစ်ဦးထက်တစ်ဦးသာနိုင်ပေသည်။
“အို-လူသားအပေါင်းတို့၊ အသင်တို့အရှင်သခင်သည် တစ်ပါးတည်း၊
အသင်တို့၏ဖခင်သည် တစ်ဦးတည်း၊ အာရဗ်လူမျိုးသည်
အခြားလူမျိုးထက်မသာ၊ အနီသည် အနက်ထက်မသာ၊
အနက်သည် အနီထက်မသာ၊ အလ္လာဟ်အရှင်မြတ်အား
ကြောက်ရွံ့ရိုသေခန့်ညား၍ စင်ကြယ်သန့်ရှင်းအပြစ်ကင်းခြင်းအားဖြင့်သာလျှင်
တစ်ဦးထက်တစ်ဦးသာသည်။ ”
(တမန်တော်မြတ်(صلي الله عليه و سلم)၏ ဩဝါဒတော်)
No comments:
Post a Comment