Monday, 13 April 2015

အစ္စ အစ္စလာမ် ဘာသာ(၃)

(၇) မည်သူ့ကိုမျှ ဒုက္ခမပေးရ

အစ္စလာမ်အယူဝါဒအရ ကမ္ဘာ့အိမ်ထောင်စုကြီးတစ်ခုလုံးသည်
မိသားစုကြီးဖြစ်ရာမွတ်စလင် တစ်ဦးအဖို့ ကမ္ဘာ့ အိမ်ထောင်စုအတွင်း၌
သူစိမ်းဟူ၍ တစ်ဦးတစ်ယောက်မျှပင်မရှိပေ။
အားလုံးတို့သည် မိသားစုများဖြစ်ကြပေရာ
အချင်းချင်း အကျိုးပြုရမည်သာဖြစ်၍ ဒုက္ခမပေးရ။
“မွတ်စလင်သည် မိမိ၏နှုတ်ဖြင့်လည်းကောင်း၊ လက်ဖြင့်လည်းကောင်း
မည်သူကိုမျှဒုက္ခမပေးရ။ ကြီးသူကိုမလေးစား၊ ငယ်သူကိုမသနားသူသည်
ငါ၏တပည့်မဟုတ်။ မိမိအဖို့ နှစ်ခြိုက်သောအရာကို သူတစ်ပါးအဖို့
မနှစ်ခြိုက်သောသူသည် မွတ်စလင်မဟုတ်။ အိမ်နီးချင်းကို ဒုက္ခပေးသူသည်
မွတ်စလင်မဟုတ်။ အသင်တို့သည် ကမ္ဘာမြေ၌ရှိသူတို့အား
သနားကြင်နာကြကုန်။ ကောင်းကင်ထက်ရှိတော်မူသော
အရှင်သည်အသင်တို့အား သနားကြင်နာတော်မူအံ့။
” (တမန်တော်မြတ်(صلي الله عليه و سلم)၏ ဩဝါဒ)

(၈) “စလာမ်”မေတ္တာ

အစ္စလာမ်ဝါဒီ မွတ်စလင်များသည် တစ်ဦးနှင့်တစ်ဦးတွေ့ဆုံကြသည့်အခါ

(အတ်စ္စလာမုအလိုင်ကွန်မ်) “အသင်တို့အပေါ်၌ ငြိမ်းချမ်းသာယာမှု
အစုစုသက်ရောက်ပါစေ”ဟုမေတ္တာပို့သကြသည်။
မေတ္တာပို့သခြင်း ခံရသူများကလည်း
(ဝအလိုင်ကု မုစ္စလာမ် ဝ-ရဟ်မတုလ္လာဟ်၊ ဝ-ဗုရကာတူဟူ)၊
“အသင်တို့အပေါ်၌လည်းငြိမ်းချမ်းသာယာမှုအစုစုသက်ရောက်ပါစေ။
အလ္လာဟ်အရှင်မြတ်၏ ဂရုဏာတော်နှင့်မင်္ဂလာတော်များလည်း
သက် ရောက်ပါစေ” ဟုမေတ္တာတုံ့ပြန်ကြပေသည်။
ဤသို့ဖြင့်မွတ်စလင်တို့စုဝေးရာဌာနများတွင်
မေတ္တာသံများသည်ပဲ့တင်ထပ်မျှဖြစ်ရှိနေပေသည်။
“ကျွန်ုပ်သည်မိမိ၏အရှင်အားတိုင်တည်ပြောအံ့။အသင်တို့သည်
အလ္လာဟ်အရှင်မြတ်အားမယုံကြည်သမျှကာလပတ်လုံး
အလ္လာဟ်အရှင်မြတ် အား ယုံကြည်နိုင်ကြမည်မဟုတ်။
ကျွန်ုပ်သည် အသင်တို့အား အသင်တို့အချင်းချင်း
ချစ်ခင်ရန်လမ်းစဉ် ညွှန်ပြမည်။ ထိုလမ်းစဉ်ကား အခြားမဟုတ်။
အသင်တို့ အချင်းချင်း ဖြူစင်ပွင့်လင်းစွာ စလာမ်မေတ္တာကို ပို့သကြကုန်”
(တမန်တော်မြတ်(صلي الله عليه و سلم)၏ ဩဝါဒတော်)

(၉) စားဝတ်နေရေး

အစ္စလာမ်သည် နှစ်ဘဝ၏ ငြိမ်းချမ်းသာယာမှုကို ညွှန်ပြသည်။
လူ့လောကတွင် စားဝတ်နေရေးသည် လျစ်လျူရှုထား၍ဖြစ်နိုင်သော
ကိစ္စမျိုးကား အလျင်းမဟုတ်။
စားဝတ်နေရေး အဆင်မပြေက လောကုတ္တရာရေးရာများကို မဆိုထားနှင့်၊
လောကီရေးရာများကိုပင် ကောင်းစွာ ဆောင်ရွက်နိုင်မည်မဟုတ်ပေ။
အူမတောင့်မှ သီလစောင့်နိုင်သည်ဟူသော ဆိုရိုးစကားသည် မှန်ကန်လှပေသည်။
ထို့အတွက် ကုရ်အာန်ကျမ်းမြတ် (၆၂း၁၀)တွင်
"အသင်တို့သည် ဆွလာသ် ဆောက်တည်ပြီးသောအခါ ကမ္ဘာသို့လှည့်၍
အလ္လာဟ်အရှင်မြတ်၏ ရိက္ခာတော်ကို ရှာဖွေကြကုန်လော့" ဟု
အတိအလင်း မိန့်ကြားထားတော်မူသည်။ တရားသဖြင့် ဥစ္စာပစ္စည်း
ရှာဖွေရမည့်အကြောင်းနှင့်စပ်လျဉ်း၍
တမန်တော်မြတ်(صلي الله عليه و سلم)ကလည်း “ဆင်းရဲ နွမ်းပါးမှုသည် သာသနာပဖြစ်စေတတ်သည်။
တရားသဖြင့် စီးပွားရှာဖွေခြင်းသည် မလုပ်မနေရ တာဝန်များနောက်
မလွဲမရှောင်သာသော တာဝန်တစ်ရပ်ပင်ဖြစ်သည်။ အသင်တို့သည်
မိမိတို့၏ အိမ်သူအိမ်သားများအား ဝ၀လင်လင် ရှာဖွေကျွေးမွေးကြကုန်။
ဤသည် အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌
ဂျီဟာ့ဒ် သက်စွန့် ကြိုးပမ်းရာမည်သည်”ဟု မိန့်ကြားတော်မူခဲ့သည်။
လယ်ယာကိုင်းကျွန်းနှင့် စက်မှုလုပ်ငန်းများသည် စားဝတ်နေရေးတွက်
အလွန်အရေးပါသောလုပ်ငန်းများဖြစ်ကြောင်းနှင့်
စပ်လျဉ်း၍လည်း တမန်တော်မြတ်(صلي الله عليه و سلم)က “အသင်တို့သည်
လယ်ယာကိုင်းကျွန်း လုပ်ကိုင်ကြ၊ လယ်ယာကိုင်းကျွန်းလုပ်ငန်းသည်
အလွန်မင်္ဂလာရှိ၏၊တိုးပွား၏”ဟူ၍လည်းကောင်း၊
"အသက်မွေးဝမ်းကျောင်းနှင့်စပ်ဆိုင်သော အတတ်ပညာသည်များကို
အလ္လာဟ်အရှင်မြတ်သည်အထူးနှစ်သက်မြတ်နိုးတော်မူသည်"
ဟူ၍လည်းကောင်း မိန့်တော်မူခဲ့လေသည်။
စားဝတ်နေရေးတွင် ဆူကြုံနိမ့်မြင့် အလွန်အကျွံ ကွာခြားနေပါက
ဒုက္ခရောက်နိုင်သည်။
ထို့အတွက်ကြောင့် အလ္လာဟ်အရှင်မြတ်က
ကုရ်အာန်ကျမ်းမြတ်(၅၉း၇)တွင် “ဥစ္စာပစ္စည်းသည်
အသင်တို့အနက် ကုံလုံ ကြွယ်ဝသူတစ်စု၏ လက်တွင်း၌သာ
စုပုံမနေရာ”ဟု အတိအလင်းမိန့်ကြားတော်မူခြင်းဖြစ်သည်။
ထို့ပြင်တဝ ကုရ်အာန်ကျမ်းမြတ်တွင် ဇကားသ်ပေးရမည့်အကြောင်း၊
အတိုးအညွန့်မစားသုံးရမည့်အကြောင်း၊ အတိုးအညွန့်စားသုံးသူများကို
တိုက်ရမည့်အကြောင်း၊ အလောင်းအစားမပြုလုပ်ရမည့်အကြောင်း၊
အပျော်အပါးမလိုက်စားရမည့် အကြောင်း၊ ခိုးဝှက် တိုက်ခိုက် လုယက်ခြင်း
မပြုလုပ်ရမည့်အကြောင်း၊ မဖြုန်းတီးရမည့်အကြောင်း၊ စားဝတ်နေရေးတွင်
အလယ်အလတ်လမ်းစဉ်ကို လိုက်နာရမည့်အကြောင်း၊
ခြိုးခြံစွာနေထိုင်ရမည့်အကြောင်းများကို
အထပ်ထပ်အခါခါ မိန့်ကြားထားတော်မူသည်။

(၁၀) မွတ်စလင်ဂုဏ်ရည်

အစ္စလာမ်အယူဝါဒကို လက်ခံနာယူကျင့်သုံးသူတစ်ဦးသည် -
(၁) ယုံကြည်ချက် မှန်ကန်ရမည်။
(၂) ပတ်ဝန်းကျင်နှင့် ဆက်ဆံမှုပြေပြစ်ရမည်။
(၃) သူတစ်ပါးအကျိုးဆောင်ရမည်။
(၄) သီလကောင်းရမည်။
(၅) ဇွဲသတ္တိရှိရမည်။

ဤအကြောင်းနှင့်စပ်လျဉ်း၍ ကုရ်အာန်ကျမ်းမြတ်တွင်
အောက်ပါအတိုင်း မိန့်ဆိုထားတော်မူသည်။
“အရှေ့ဘက်၊ အနောက်ဘက်သို့ မျက်နှာမူခြင်းသည်
ကောင်းမြတ်သည်မဟုတ်။ ကောင်းမြတ်သောသူမွန်သူမြတ်တို့ကား
အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ နောက်ဆုံးနေ့ကိုလည်းကောင်း၊
ကောင်းကင်တမန်များကိုလည်းကောင်း၊ ကျမ်းဂန်များကိုလည်းကောင်း၊
တမန်တော်အပေါင်းကိုလည်းကောင်း ယုံကြည်ကြသည်။
ထို့ပြင် ၄င်းတို့သည် မိမိတို့ဥစ္စာ ပစ္စည်းများကို ခုံမင်ကြပါလျက်
ဆွေဆင်းရဲ မျိုးဆင်းရဲများကို လည်းကောင်း၊ မိတဆိုး ဖတဆိုးများကိုလည်းကောင်း၊
ဆင်းရဲသားများကိုလည်းကောင်း၊ ဒုက္ခသည် ဧည့်သည်များကိုလည်းကောင်း၊
လက်ဖြန့်တောင်းခံစားနေကြရှာသော သူတောင်းစားများကိုလည်းကောင်း၊
ကျေးကျွန်များကို ကျွန်ဘဝမှ လွတ်မြောက်စေရာတွင်လည်းကောင်း
လှူဒါန်းပေးကမ်း ကြသည်။ ထို့ပြင် ၄င်းတို့သည် ဆွလာသ်ဝတ်ပြုကြသည်။
ဇကားသ်ပေးလှူကြသည်။ ကတိတည်ကြသည်။ ထို့ပြင်တဝ ၄င်းတို့သည်ဆင်းရဲနွမ်းပါးသည့်
အခါတွင်လည်းကောင်း၊ ရောဂါဖိစီးသည့်အခါတွင်လည်းကောင်း၊
စစ်မက်ဖြစ်ပွားနေကြသည့် အခါတွင်လည်းကောင်းကြံ့ခိုင်စွာရပ်တည် နေကြသည်။
ဤဂုဏ်ရည်များနှင့်ပြည့်စုံသူများသည် သစ္စာဝါဒီများဖြစ်ကြပေသည်။
ဤပုဂ္ဂိုလ်များသာလျှင် အလ္လာဟ်အရှင်မြတ်အား
ကြောက်ရွံ့ ရိုသေခန့်ညားသော
သူမွန်သူမြတ်အားဖြစ်ကြပေသည်။ ”(ကုရ်အာန် ၂း၁၇၇)

No comments:

Post a Comment