ယအ်ကူဗ် (အလိုင်ဟိစ္စလာမ်)ဆီသို့
=======================
ညီအစ်ကိုတွေဟာ သူတို့ ဖခင်ဆီ ဘယ်လိုပြန်ကြမလဲဆိုတာကို ဝေခွဲမရ ဖြစ်နေကြတယ်။ သူတို့ ဖခင်ကို ဘာပြောရမလဲ ဆိုတာကိုလည်း စဉ်းစားနေကြတယ်။ သူတို့တွေဟာ ဟိုတစ်ချိန်တုန်းကလည်း ယူစွဖ်နဲ့ ပတ်သက်ပြီး သူတို့ ဖခင်ရဲ့စိတ်ကို အရမ်း နာကျင်စေခဲ့တယ်။ အခုလည်း ဗင်န်ယာမီးန်နဲ့ ပတ်သက်ပြီး သူတို့ဖခင်ကို နာကျင်စေခဲ့ပြန်ပြီ။
အစ်ကို အကြီးဆုံးကတော့ ဖခင်ဆီ ပြန်သွားဖို့ ငြင်းဆန်တယ်။ ပြီးတော့ သူ့ညီနောင်တွေကို ပြောတယ်။
“သင်တို့ဖခင်ဆီကို အသင်တို့ ပြန်သွားပြီး ဒီလိုပြောပါ။
“အဖေ့ရဲ့သားဟာ ခိုးဝှက်ခဲ့ပါတယ်။ ကျွန်တော်တို့ဟာ ကျွန်တော်တို့သိတာကလွဲပြီး အခြားဘာကိုမှ သက်သေခံကြတာ မဟုတ်ပါဘူး။ ပြီးတော့ ကျွန်တော်တို့ဟာ အကွယ်မှာရှိတဲ့ ကိစ္စတွေကို သိကြတဲ့သူတွေလည်း မဟုတ်ပါဘူး” (ကုရ်အာန် - ၁၂း ၈၁)
ယအ်ကူဗ် (အလိုင်ဟိစ္စလာမ်)က သူတို့ပြောပြတဲ့ အဖြစ်အပျက်တွေကို ကြားတဲ့အခါ ဒီကိစ္စမှာ အလ္လာဟ်အရှင်မြတ်ရဲ့ အကြံအစည် တစ်ခုခုရှိနေတယ်ဆိုတာ သိလိုက်တယ်။ အလ္လာဟ်အရှင်မြတ်က သူ့ကို စမ်းသပ်နေတာဆိုတာကို နားလည်လိုက်တယ်။
မနေ့က ယူစွဖ်နဲ့ ပတ်သက်လို့ စိတ်မှာ နာကျင်ခဲ့ရပြီးပြီ။ ဒီနေ့တော့ ဗင်န်ယာမီးန်နဲ့ ပတ်သက်ပြီး နာကျင်နေရတယ်။ အမှန်တော့ အလ္လာဟ်အရှင်မြတ်က သူ့အပေါ်မှာ ဘေးဒုက္ခနှစ်ခုကို စုစည်းစေမှာတော့ မဟုတ်ပါဘူး။ အလ္လာဟ်အရှင်မြတ်က သားနှစ်ယောက်လုံးနဲ့ ပတ်သက်ပြီး သူ့ကို နာကျင်စေမှာ မဟုတ်ပါဘူး။
အလ္လာဟ်အရှင်မြတ်က ယူစွဖ်နဲ့ ဗင်န်ယာမီးန်တို့လို သားလိမ္မာ နှစ်ယောက်လုံးနဲ့ ပတ်သက်ပြီး သူ့ကို နာကျင်စေမှာ မဟုတ်ပါဘူး။ အမှန်တကယ်တော့ ဒီကိစ္စမှာ အလ္လာဟ်အရှင်မြတ်ရဲ့ လျို့ဝှက်တဲ့ အကြံအစည် တစ်ခုခုရှိနေခဲ့တယ်။ ဒီကိစ္စမှာ အလ္လာဟ်အရှင်မြတ်ရဲ့ မမြင်နိုင်တဲ့ အမြော်အမြင် တစ်ခုခုရှိနေခဲ့တယ်။
တကယ်တော့ အလ္လာဟ်အရှင်မြတ်ဟာ မိမိရဲ့ ကျေးကျွန်တွေကို စမ်းသပ်မှုတွေလုပ်ပြီးတာနဲ့ ပျော်ရွှင်စေတယ်။ သူတို့ကို စည်းစိမ်ဥစ္စာတွေ ချီးမြှင့်တယ်။
ဒါ့ပြင် သူ့ရဲ့ သားအကြီးဆုံးက အီဂျစ်မှာ နေခဲ့ပြီး ကန်(န်)အာန်ကို ပြန်လာဖို့ ငြင်းဆန်နေတယ်။ အရင်က နှစ်ယောက်နဲ့ပတ်သက်ပြီး စိတ်တွေ နာကျင်ခံစားခဲ့ရပြီးပြီ။ အခုလည်း သုံးယောက်မြောက် သားမှာလည်း နာကျင်စွာ ခံစားရအုန်းမှာလား။ ဒါတော့ မဖြစ်နိုင်ဘူး။
ဒီလိုနဲ့ ယအ်ကူဗ် (အလိုင်ဟိစ္စလာမ်)ဟာ စိတ်နှလုံး ငြိမ်းချမ်းစွာနဲ့ ပြောတယ်။
“ အလ္လာဟ်အရှင်မြတ်ဟာ သူတို့အားလုံးကို ငါ့ဆီကို ပြန်လည်ရောက်စေတော်မူမယ်လို့ မျှော်လင့်ရမှာပါပဲ” (ကုရ်အာန် - ၁၂း ၈၃)
ပျော်ရွှင်သွားခြင်း
============
ဒါပေမယ့် ယအ်ကူဗ် (အလိုင်ဟိစ္စလာမ်)က လူသားတစ်ယောက်ပဲ ဖြစ်တယ်။ သူ့ရင်မှာ လူသားတစ်ယောက်ရဲ့ နှလုံးသားပဲ ရှိတာပါ။ ကျောက်ခဲရှိနေတာ မဟုတ်ပါဘူး။ ဒါကြောင့် ယူစွဖ်ကို သတိရမိပြီး သူရဲ့ ဝမ်းနည်းမှုတွေဟာ အသစ်ဖြစ်လာခဲ့တယ်။ ယူစွဖ်ကို တမ်းတပြီး
“သြော် ယူစွဖ် ၊ ဖြစ်မှ ဖြစ်ရလေ” လို့ တမ်းတမိတယ်။
အဲဒီလို ယူစွဖ်ကို ပြန်တမ်းတတော့ သူ့သားတွေက သူ့ကို အပြစ်တင်တယ်။
“ ယူစွဖ်ကို တမ်းတသတိရရင်းနဲ့ပဲ အဖေကိုယ့်ကိုကိုယ် ဖျက်ဆီးလိုက်မှာလား”
“ (ယအ်ကူဗ်က ဒီလို) ပြောဆိုဖြေကြားတယ်။ ငါဟာ အလ္လာဟ်အရှင်မြတ်ဆီမှာပဲ ငါ့ရဲ့ စိတ်သောကတွေ၊ ပူဆွေးမှုတွေကို တိုင်တန်းလျှောက်ထားတာပါ။ ဒါ့ပြင် ငါဟာ အလ္လာဟ်အရှင်မြတ်ဆီကနေ သင်တို့ မသိတာတွေကို သိရှိရတယ်” (ကုရ်အာန် - ၁၂း ၈၆)
မျှော်လင့်ချက်မဲ့ခြင်းဟာ အရှင်မြတ်ကို သွေဖည်ငြင်းပယ်ခြင်း ဆိုတာကို ယအ်ကူဗ် (အလိုင်ဟိစ္စလာမ်)က သိတယ်။ ဒါကြောင့် သူဟာ ဒီကိစ္စမှာ အလ္လာဟ်အရှင်မြတ်နဲ့ ပတ်သက်ပြီး ကြီးစွာသော မျှော်လင့်ချက်ထားခဲ့တယ်။
ယအ်ကူဗ် (အလိုင်ဟိစ္စလာမ်)က သူ့သားတွေကို ယူစွဖ်နဲ့ ဗင်န်ယာမီးန်ကို ကြိုးကြိုးစားစား ရှာဖွေဖို့ အီဂျစ်ပြည်ကို နောက်တစ်ခါ ထပ်လွှတ်လိုက်တယ်။ ယအ်ကူဗ် (အလိုင်ဟိစ္စလာမ်)က အလ္လာဟ်အရှင်မြတ်ရဲ့ သနား ဂရုဏာတော်ကနေ မျှော်လင့်ချက်မမဲ့ဖို့ သူတို့ကိုလည်း ပြောကြားတယ်။
ဒါကြောင့် ညီအစ်ကိုတစ်စုဟာ အီဂျစ်ပြည်ကို တတိယအကြိမ် ထွက်လာခဲ့တယ်။
သူတို့ဟာ ယူစွဖ်(အလိုင်ဟိစ္စလာမ်)ဆီကို လာပြီး သူတို့ရဲ့ ဆင်းရဲငတ်မွတ်မှုတွေ၊ ဘေးဒုက္ခတွေကို လျှောက်တင်ကြတယ်။ ပြီးတော့ သူတို့ကို ကျေးဇူးပြုဖို့ တောင်းဆိုကြတယ်။ အဲဒီအချိန်မှာ ယူစွဖ်(အလိုင်ဟိစ္စလာမ်)ဟာ ချစ်ခင်မှုတွေ၊ ဝမ်းနည်းကြေကွဲမှုတွေ ရောယှက်ပြီး သူ့စိတ်ကို သူမနိုင်တော့ဘူး။
အဖေ့ရဲ့ သားတွေ၊ နဗီတွေရဲ့ သားတွေက သူတို့ရဲ့ ဆင်းရဲငတ်မွတ်မှုတွေ၊ ဘေးဒုက္ခတွေကို ဘုရင်တွေထဲက ဘုရင်တစ်ယောက်ဆီမှာ လာပြီး လျှောက်တင်နေကြတာ။
“ငါ . . ဘယ်အချိန်ထိ သူတို့ကို ဒီကိစ္စ ဖုံးကွယ်ထားမှာလဲ”
“သူတို့ရဲ့ ဒီလို ပုံစံတွေကို ငါ . . ဘယ်အချိန်အထိ ကြည့်နေနိုင်မှာလဲ”
“ငါ့အဖေကိုရော ဘယ်အချိန်ထိ မမြင်ရဘဲ နေရအုန်းမှာလဲ”
ယူစွဖ်ဟာ သူ့စိတ်ကို သူမနိုင်တော့ပဲ သူ့ညီအစ်ကိုတွေကို ပြောလိုက်တယ်။
“ အသင်တို့ မသိမိုက်မဲသူတွေ ဖြစ်ခဲ့ကြတဲ့ အချိန်မှာ သင်တို့ရဲ့ညီ ယူစွဖ်နဲ့ သူ့ရဲ့ညီ(ဗင်န်ယာမီးန်)ကို ဘယ်လို ပြုမူခဲ့ကြသလဲဆိုတာ အသင်တို့ မှတ်မိကြရဲ့လား” (ကုရ်အာန် - ၁၂း ၈၉)
ညီအစ်ကိုတွေဟာ ဒီကိစ္စ၊ အကြောင်းအရာတွေက သူတို့နဲ့ ယူစွဖ်ပဲ သိတဲ့ လျို့ဝှက်ချက်ဆိုတာ သိထားကြတယ်။ ဒါကြောင့် သူဟာ ယူစွဖ်ဖြစ်တယ်ဆိုတာ ချက်ချင်း သိသွားတယ်။
“စွဗ်ဟားနလ္လာဟ်(အလ္လာဟ်အရှင်မြတ်ဟာ ချို့ယွင်းချက် အပေါင်းကနေ ကင်းစင်ပါတယ်)” လို့ အလန့်တကြား ပြောဆိုလိုက်ကြတယ်။
“ ယူစွဖ်က အသက်ရှင်သေးတယ် ဟုတ်လား။ ရေတွင်းထဲမှာ သေသွားပြီ မဟုတ်ဘူးလား။ ယာ-စလာမ် ယူစွဖ်က အီဂျစ်ပြည်ရဲ့ ဘုန်းတန်ခိုးကြီးသူ (ဖြစ်နေတယ် ဟုတ်လား)”
“သူက တိုင်းပြည်ရဲ့ ဘဏ္ဍာထိန်း ဟုတ်လား”
“သူက ငါတို့ကို စားနပ်ရိက္ခာတွေပေးဖို့ အမိန့်ပေးခဲ့တဲ့သူလား”
သူတို့နဲ့ စကားပြောနေတဲ့သူဟာ ယအ်ကူဗ် (အလိုင်းဟိစ္စလာမ်)ရဲ့သား ယူစွဖ်ဆိုတာ သူတို့ လုံးဝသံသယ မရှိတော့ဘူး။
“ (ညီအစ်ကိုတွေက) ပြောကြတယ်။ အမှန်တကယ်ပဲ သင်ဟာ ယူစွဖ်လား” (ကုရ်အာန် - ၁၂း ၉၀)
ယူစွဖ်(အလိုင်ဟိစ္စလာမ်)က “ ကျွန်တော်ဟာ ယူစွဖ်ပါပဲ။ ပြီးတော့ သူဟာ ကျွန်တော့်ညီပါ။ အမှန်တကယ်ပဲ အလ္လာဟ်အရှင်မြတ်က ကျွန်တော်တို့ အပေါ်မှာ ကျေးဇူးပြုတော်မူခဲ့တယ်။ ဘယ်သူမဆို အပြစ်တွေကနေ ရှောင်ကြဉ်ပြီး သည်းခံခဲ့မယ်ဆိုရင် အလ္လာဟ်အရှင်မြတ်က ကောင်းမြတ်တဲ့ လုပ်ရပ်တွေကို ပြုလုပ်တဲ့သူတွေရဲ့ အကျိုးကို အချည်းနှီး ဖြစ်စေမှာ မဟုတ်ဘူး” လို့ ပြောဆိုလိုက်တယ်။ (ကုရ်အာန် - ၁၂း ၉၀)
“(ညီအစ်ကိုတွေက) အလ္လာဟ်အရှင်မြတ်ရဲ့ ကစမ် ၊ အမှန်တကယ်ပဲ အရှင်မြတ်က အသင့်အား ကျွန်တော်တို့ထက် မြင့်မြတ်စေတော်မူခဲ့တယ်။ ဒါ့ပြင် အမှန်တကယ်ပဲ ကျွန်တော်တို့ကပဲ မှားယွင်းသူတွေဖြစ်ကြတယ်လို့ (ဝန်ခံ) ပြောဆိုကြတယ်” (ကုရ်အာန် - ၁၂း ၉၁)
ယူစွဖ်(အလိုင်ဟိစ္စလာမ်)က (သူ့ညီအစ်ကိုတွေ) လုပ်ခဲ့တဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး သူတို့ကို အပြစ်တင် ကြိမ်းမောင်းတာ မလုပ်တော့ဘူး။ တကယ်တော့ သူက (သူတို့ကို ခွင့်လွှတ်ပြီး ဒိုအာပေးခဲ့တယ်)
“အလ္လာဟ်အရှင်မြတ် အသင်တို့ကို အပြစ်တွေကနေ ခွင့်လွှတ်ချမ်းသာပေးသနားတော်မူပါစေ။
အမှန်စင်စစ် ထိုအရှင်မြတ်ဟာ သနားကြင်နာသူအပေါင်းတို့ထက် ပိုပြီး
သနားကြင်နာတော်မူဆုံးသော အရှင်မြတ်ပဲ ဖြစ်တော်မူပါတယ် လို့
ပြောဆိုလိုက်တယ်။” (ကုရ်အာန် - ၁၂း ၉၂)
ကဲ…… ချစ်ပရိတ်သတ်ကြီးရေ . . .
ကောင်းသထက်ကောင်းလာပြီနော် ဇာတ်သိမ်းတော့မှာပါ
ဘာတွေဆက်ဖြစ်ကြမလည်းဆိုတာကို
အပိုင်း(၁၂)မှာ ဆက်လက် အားပေး
ဖတ်ရှုကြပါလို့ ဆန္ဒပြုရင်း ….
မော်လ၀ီနူးရ်အဟ်မဒ်@မင်းထက်အောင်
Ahmad Mgk
No comments:
Post a Comment