Tuesday, 24 February 2015

တမန်တော်ယူစွဖ်(အလိုင်းဟိစ္စလာမ်)ရဲ့ ဖြစ်ရပ်မှန် အတ္ထုပတ္တိ(1)

ကဲ . . . အခုတော့ ကျမ်းမြတ်ကုရ်အာန်နဲ့ ဟဒီးဆ်တော်များလာ
တမန်တော်ယူစွဖ်(အလိုင်းဟိစ္စလာမ်)ရဲ့ ပုံပြင်သဖွယ် ရေးသားထားသော
ဖြစ်ရပ်မှန် အတ္ထုပတ္တိလေးကို စလိုက်ကြရအောင် . . .

(က) ထူးဆန်းတဲ့ အိပ်မက်
===============

တမန်တော်ယူစွဖ်(အလိုင်းဟိစ္စလာမ်)ရဲ့ ငယ်စဉ်အရွယ် ကလေးဘဝမှာပေါ့။
ယူစွဖ်လေးမှာ ညီအစ်ကို (၁၁)ယောက် ရှိသတဲ့။ ယူစွတ်ဖ်လေးဟာ
အရမ်းကို ချောမောလှပပြီး ဥာဏ်ထက်မြတ်တဲ့ ကလေးတယောက်ပေါ့။ 
ယူစွဖ်လေးရဲ့ ဖခင် တမန်တော်ယအ်ကူဗ် (အလိုင်းဟိစ္စလာမ်) ကလည်း
သားသမီးတွေထဲမှာ သူ့ကို အချစ်ဆုံးလေ။

တစ်ညမှာ ယူစွဖ်လေးဟာ ထူးဆန်တဲ့အိပ်မက်တစ်ခုမက်တယ်။ အိပ်မက်ထဲမှာ
သူ့ကို ကြယ်(၁၁)လုံးနဲ့အတူ နေနဲ့လတို့က စဂ်ျဒဟ်(ဦးချ)ကြတယ်တဲ့။
ယူစွဖ်လေးကအရမ်းကိုအံ့သြသွားတယ်။ အိပ်မက်က
ဘာကိုဆိုလိုသလဲဆိုတာကို နားမလည်နိုင်ဘူး။
ဘာလို့ ကြယ်တွေ၊လတွေကလူတစ်ယောက်ကို စဂ်ျဒဟ်ဦးချကြတာလဲ။
စဉ်းစားရကျပ်ပြီး အဖြေရှာ မရတဲ့အဆုံး
သူ့အဖေကို ဒီထူးဆန်တဲ့ အိပ်မက်ကို ပြောပြလိုက်တယ်။

“အဖေ . . ညကလေ အိပ်မက်ထဲမှ ကြယ်(၁၁)လုံးနဲ့အတူ နေနဲ့လတို့က သားကို
ဦးချတယ်လို့ သားအိပ်မက် မက်တယ်”။

ယူစွဖ်လေးရဲ့ဖခင် ယအ်ကူဗ် (အလိုင်းဟိစ္စလာမ်)ဟာ နဗီတမန်တော်ဖြစ်တယ်။
(ယအ်ကူဗ်အလိုင်းဟိစ္စလာမ်)က ဒီအိပ်မက်ကိုနားထောင်ပြီး
အရမ်းကို ပျော်သွားတယ်။ပြီးတော့ ယူစွတ်ဖ်လေးကိ်ု ပြောတယ်။ 

“သားရဲ့အပေါ်ကို အလ္လာဟ်အရှင်မြတ်ထံကနေ ကောင်းချီး အဖြာဖြာ
ကျရောက်ပါစေ။ သားအတွက် မကြာခင်မှာ အပြောင်းအလဲတစ်ခု ဖြစ်လာဖို့ရှိတယ်။
သားမြင်ခဲ့တဲ့ အိပ်မက်ရဲ့ အလိုသဘောက သားကို အလ္လာဟ်အရှင်မြတ်က
အသိပညာနဲ့ နဗူဝသ် (နဗီအဖြစ်)ချီးမြှင့်မယ်ဆိုတဲ့
နမိတ်လက္ခဏာပဲ ဖြစ်တယ်။ သားလိုပဲ အလ္လာဟ်အရှင်မြတ်က သားရဲ့အဖိုး
အစ္စမာအီလ် (အလိုင်းဟိစ္စလာမ်)နဲ့ အိဗ်ရာဟိမ် (အလိုင်းဟိစ္စလာမ်)
အပေါ်မှာလည်း အဲဒီလို ချီးမြှင့်ခဲ့တယ်။”

တမန်တော်ယအ်ကူဗ်(အလိုင်းဟိစ္စလာမ်)ဟာ အသက်အရွယ်ကြီးပြီး
အမြော်အမြင်ရှိတဲ့ လူတယောက် ဖြစ်တယ်။
လူတွေရဲ့ သဘောသဘာဝကိုလည်း နားလည်တယ်။ ရှိုင်သွာန်က လူတွေကို
ဘယ်လို သွေးဆောင်း ဖြားယောင်းတယ်။ ဘယ်လိုလမ်းမှားအောင်လုပ်တယ်
ဆိုတာကိုလည်းသိတော့ ယူစွဖ်လေးကို သတိပေးတယ် ။

”အို .. ချစ်သားလေး .. ဒီအိမ်မက်ကို သားရဲ့ ညီအစ်ကိုတွေကိုမပြောပြလေနဲ့။
သူတို့တွေဟာ သားအပေါ်မနာလို မုန်းတီးမှုတွေ ဖြစ်လာကြလိမ့်မယ်။”

(ခ) ညီအစ်ကိုများရဲ့မနာလိုမူ
=================

ယူစွဖ်(အလိုင်းဟိစ္စလာမ်)မှာ ညီတစ်ယောက်ရှိသေးတယ်။
သူ့နာမည်က ... ဗင်(န်)ယာမီးန်လို့ခေါ်တယ်။
ဖခင်ယအ်ကူဗ် (အလိုင်းဟိစ္စလာမ်)က သူ့တို့နစ်ယောက်ကို
တစ်ခြားညီအစ်ကိုတွေထက် ပိုချစ်သတဲ့။
အဲဒါကို တခြားညီအစ်ကိုတွေက လုံးဝ မနာလိုကြဘူး။

ညီအစ်ကိုတွေက ပြောကြတယ်။ 
“အဖေက ဘာဖြစ်လို့ သူ့တို့နှစ်ယောက်ကိုပိုချစ်ရတာလဲ။
တကယ်ဆို သူ့တို့နှစ်ယောက်က အားနည်းတဲ့ ကလေးလေးတွေပဲ။
ငါတို့က သန်မာထွားကြိုင်းတဲ့လူငယ်တွေ။
တကယ်ဆို အဖေက ငါတို့ကို ပိုချစ်သင့်တာပေါ့။”

ယူစွဖ်လေးဟာ အသက်ငယ်သေးတာမို့ အဖေက
မပြောဖို့ တားမြစ်ခဲ့တဲ့ အိမ်မက်အကြောင်းကို
သူ့အစ်ကိုတွေကို ပြောပြမိသွားတယ်။ ယူစွဖ်လေးရဲ့ အစ်ကိုတွေဟာ
ဒီအိပ်မက်အကြောင်း သိသွားကြတဲ့နောက် အရမ်းပဲဒေါသထွက် ကြတယ်။
ယူစွဖ်လေးကို ပိုပြီးမနာလိုလာကြတယ်။ မနာလိုမှုတွေကြောင့်
ညီအစ်ကိုတွေဟာ စုဝေးပြီး ယူစွဖ်လေးကို သတ်ဖို့ထိ တိုင်ပင်လာကြတယ်။

သူတို့ထဲကတစ်ယောက်က ပြောတယ်။

“သူ့ကိုသတ်ပြီး ဝေးလံတဲ့နေရာမှာ သွားပစ်လိုက်မယ်။ သူမရှိတော့မှ
အဖေက ငါတို့ကို ပိုချစ်လာမှာ”

နောက်တစ်ယောက်ကတော့ “သူ့ကိုလမ်းမှာရှိတဲ့ ရေတွင်း တစ်တွင်းတွင်းမှာ
ပစ်ချလိုက်မယ်။ ခရီးသွားတွေက သူ့ကို ကောက်ယူသွားကြလိမ့်မယ်”

အဲဒီလိုနဲ့ တစ်ယောက်ပြီးတစ်ယောက် အကြံတွေ အမျိုးမျိုးပေးကြရင်း
ညီအစ်ကိုတွေအားလုံးဟာ နောက်ဆုံးတော့ ဆုံးဖြတ်ချက် တစ်ခုချလိုက်ကြတယ် . . . ။

--------------------------------------
ကဲ…… ချစ်ပရိတ်သတ်ကြီးရေ……
တမန်တော်ယူစွဖ်(အလိုင်းဟိစ္စလာမ်)ရဲ့ အစ်ကိုတွေက ဘယ်လို ဆုံးဖြတ်ခဲ့ကြသလဲ။
ဘာတွေ လုပ်ခဲ့ကြသလဲ ဆိုတာကို အပိုင်း(၂)မှာ ဆက်လက် အားပေး ဖတ်ရှုကြပါလို့
ဆန္ဒပြုရင်း ….

ချစ်ပရိတ်သတ်ကြီး . . .
ကိုယ်တိုင်လည်း အကျိုးခံစားပြီး၊ ကိုယ့်ရဲ့ သားသားမီးမီး၊
တူ၊ တူမများကို ပုံပြင်များအဖြစ် ပြန်လည်ပြောပြနိုင်မယ်လို့ ယုံကြည်ပါတယ်။

အလ္လာဟ်အရှင်မြတ် ကျွန်တော်တို့အားလုံးကို
စစ်မှန်တဲ့ အစ္စလာမ့် စာရိတ္တများနဲ့ သာသနာ့ အသိပညာများ
ချီးမြှင့်ပေးသနားတော်မူပါစေ။
သင့်အတွက် အကျိုးတစ်ခုခု ရလိုက်တယ်ဆိုရင် 
သင့်မိတ်ဆွေတွေကိုလည်း မျှဝေပေးဖို့ မမေ့ပါနဲ့ . . . ။

တမန်တော်မြတ်(ဆွ) မိန့်တော်မူခဲ့တယ် . . .
“ ကောင်းမှုတစ်ခုခုကို ညွှန်ပြတဲ့သူဟာ ပြုလုပ်သူကဲ့သို့သော ကုသိုလ်ရရှိမယ် ”
( မွတ်စလင်မ်ကျမ်း ၊ ဟဒီးဆ်အမှတ် - ၅၀၀၇ )

မော်​လ၀ီအဟ်​မဒ်​@Ahmad
Copy By သင့်​အတွက်​အစ္စလာမ့်​စာမျက်​နှာ

No comments:

Post a Comment