ယအ်ကူဗ် (အလိုင်ဟိစ္စလာမ်) နဲ့ သူ့သားတွေကြားဝယ်
=================================
ညီအစ်ကိုတွေဟာ သူတို့ရဲ့ ဖခင်ဆီကို ပြန်လာခဲ့ကြပြီး
သူတို့ကြုံခဲ့ရတဲ့ အဖြစ်အပျက်တွေ ပြောပြကြတယ်။
ပြီးတော့ သူတို့ ဖခင်ကို ပြောတယ်။
“(နောက်တစ်ခါဆိုရင်) ကျွန်တော်တို့ ညီကို ကျွန်တော်တို့နဲ့ တူတူလွှတ်ပေးပါ။
ဒါမှမဟုတ်ရင်တော့ ဘုန်းတန်ခိုးကြီးသူ (ယူစွဖ်)ထံမှာ ကျွန်တော်တို့အတွက်
ကောင်းမှာမဟုတ်ဘူး”
သူတို့ဟာ (သူတို့ဖခင်)ယအ်ကူဗ် (အလိုင်ဟိစ္စလာမ်)ဆီကနေ
ဗင်န်ယာမီးန်ကို တောင်းကြတယ်။
“ကျွန်တော်တို့ဟာ ညီတော့်ကို ကောင်းကောင်းမွန်မွန် ထိန်းသိမ်းစောင့်ရှောက်မယ့်
သူတွေလည်း ဖြစ်ကြပါတယ်” (ကုရ်အာန် - ၁၂း ၆၃)
ယအ်ကူဗ် (အလိုင်ဟိစ္စလာမ်)က “ ငါဟာ အသင်တို့အပေါ် ဒီညီတော်ကို
အရင်က သူ့အစ်ကို (ယူစွဖ်)နဲ့ပတ်သက်ပြီး ယုံကြည်စိတ်ချရ သလိုပဲ
ယုံကြည်ရမှာလား။” (ကုရ်အာန် - ၁၂း ၆၄)
“မင်းတို့ ယူစွဖ်ရဲ့ ဖြစ်ရပ်ကို မေ့လိုက်ကြပြီလား။ မင်းတို့ ယူစွဖ်ကို
စောင့်ရှောက်ခဲ့သလိုမျိုး ဗင်န်ယာမီးန်ကိုပါ ထပ်ပြီး
စောင့်ရှောက်အုန်းမလို့လား”
“သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည် အကောင်းဆုံး
စောင့်ရှောက်တော်မူသော၊ ဂရုဏာ အပြုဆုံးသော အရှင် ဖြစ်တော်မူပေတယ်”
(ကုရ်အာန် - ၁၂း ၆၄)
ညီအစ်ကိုတွေဟာ သူတို့ရဲ့ ငွေကြေးတွေကို သူတို့ရဲ့ ပစ္စည်းတွေထဲမှာ
ပြန်တွေ့တဲ့အချိန်မှာ သူတို့ ဖခင်ကို
“ ဘုန်းတန်ခိုးကြီးသူ (ယူစွဖ်)က တကယ်ပဲ မွန်မြတ်ရက်ရောတဲ့သူပဲ။
ကျွန်တော်တို့ဆီက ဘာအဖိုးအခမှ မယူပဲ ငွေတွေကို ပြန်ပေးလိုက်တယ်”
“ဗင်န်ယာမီးန်ကိုလည်း သူ့ရဲ့ ဝေစုကိုယူဖို့ ကျွန်တော်တို့နဲ့ အတူသာ
ထည့်ပေးလိုက်ပါတော့”
ယအ်ကူဗ် (အလိုင်ဟိစ္စလာမ်)က “မင်းတို့နဲ့ အတူ ဗင်န်ယာမီးန်ကို
ပြန်ခေါ်လာပါမယ်လို့ အလ္လာဟ်အရှင်မြတ်ထံမှာ
ဂတိသစ္စာမဆိုမချင်း ငါ သူ့ကို မင်းတို့နဲ့ လုံးဝမလွှတ်နိုင်ဘူး။
ဒီလိုမှ မဟုတ်ရင် မင်းတို့သဘောရှိ လုပ်ကြလိမ့်မယ်။”
ညီအစ်ကိုတွေဟာ အရှင်မြတ်ထံမှာ ကတိသစ္စာဆိုကြတယ်။
ယအ်ကူဗ် (အလိုင်ဟိစ္စလာမ်)က
“အလ္လာဟ်အရှင်မြတ်က ငါတို့ပြောဆိုကြတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး
လွှဲအပ်ခြင်းခံရတော်မူသော အရှင်မြတ်ပဲ ဖြစ်တော်မူတယ်” လို့
ပြောဆို(ပြီး ခွင့်ပြုလိုက်)တယ်။ (ကုရ်အာန် - ၁၂း ၆၆)
(ပြီးတော့ သူရဲ့သားတွေကို) “အို - ငါ့ရဲ့သားတို့ ၊ အသင်တို့
(အီဂျစ်မြို့ကို ဝင်တဲ့အခါ) တံခါးပေါက် တစ်ပေါက်တည်းကနေ မဝင်ကြနှင့်။
မတူတဲ့ တံခါးပေါက်တွေကနေ သပ်သပ်စီ ခွဲဝင်ကြ” (ကုရ်အာန် - ၁၂း ၆၇)
ဗင်န်ယာမီးန်က ယူစွဖ်(အလိုင်ဟိစ္စလာမ်) ဆီမှာ
==============================
ညီအစ်ကိုတွေဟာ သူတို့ရဲ့ ဖခင်မှာကြားခဲ့သလိုမျိုး မတူတဲ့ တံခါးပေါက်တွေကနေ
သပ်သပ်စီဝင်ခဲ့ကြပြီး ယူစွဖ်(အလိုင်ဟိစ္စလာမ်) ဆီကို ရောက်လာကြတယ်။
ယူစွဖ်(အလိုင်ဟိစ္စလာမ်) က ဗင်န်ယာမီးန်ကို တွေ့တာနဲ့ အရမ်းကို
ပျော်ရွှင်သွားပြီး ဗင်န်ယာမီးန်ကို သူ့ရဲ့အိမ်မှာ တည်းခိုစေတယ်။
ယူစွဖ်(အလိုင်ဟိစ္စလာမ်) က ဗင်န်ယာမီးန်ကို ပြောတယ်။
“ငါဟာ အသင့်ရဲ့ နောင်တော် (ယူစွဖ်)ပဲ ဖြစ်တယ်” (ကုရ်အာန် - ၁၂း ၆၉)
ဗင်န်ယာမီးန်လည်း စိတ်အေးသွားတယ်။ ယူစွဖ်ဟာ ဗင်န်ယာမီးန်နဲ့
အချိန်တော်တော်ကြာကွဲကွာပြီးမှ ပြန်လည်တွေ့ဆုံရတာဖြစ်တယ်။
ဒါကြောင့် အမေ၊ အဖေ၊ အိမ်နဲ့ သူ့ငယ်ဘဝအကြောင်းတွေ
သတိရ တသ ပြောဆိုကြတယ်။
ယူစွဖ်ဟာ ဗင်န်ယာမီးန်နဲ့ နေ့တိုင်း တွေ့ဖို့ ၊ စကားတွေ ပြောဖို့အတွက်
သူ့ဆီမှာ ချန်ထားခဲ့စေချင်တယ်။ ဒါပေမယ့် ဘယ်လိုလုပ်ဖြစ်နိုင်မလဲ။
ဗင်န်ယာမီးန်က မနက်ဖြန် ကန်(န်)အာန်ကို ပြန်တော့မယ်။ ညီအစ်ကိုတွေက
သူတို့နဲ့အတူ ဗင်န်ယာမီးန်ကို ပြန်ခေါ်လာမယ်လို့ အလ္လာဟ်အရှင်မြတ်နဲ့
ကတိသစ္စာဆိုထားတယ်လေ။ ဒီတော့ သူလိုချင်တာ ဖြစ်ဖို့
ဘယ်လိုလုပ် အခွင့်အရေး ရှိမလဲ။
ပြီးတော့ ယူစွဖ်က ဗင်န်ယာမီးန်ကို ဘာအကြောင်းပြချက်မှ မရှိပဲ
ဘယ်လိုလုပ် သူ့ဆီမှာ ချုပ်ထားခိုင်းလို့ ရမလဲ။ အဲဒီလိုသာလုပ်ခဲ့မယ်ဆိုရင်
“ဘုန်းတန်ခိုးကြီးသူ (ယူစွဖ်)က သူ့ဆီမှာ ကန်(န်)အာန် မြို့သားတစ်ယောက်ကို
အကြောင်းကိစ္စ တစုံတရာမရှိပဲ ချုပ်ထားတယ်”လို့ လူတွေက ပြောကြလိမ့်မယ်။
ဒါပေမယ့် ယူစွဖ်က ဥာဏ်ပညာထက်မြတ်တဲ့သူတစ်ဦးဖြစ်တယ်။
ယူစွဖ်ဆီမှာ အဖိုးတန်ခွက်တစ်ခွက်ရှိတယ်။ သူဟာ
အဲဒီခွက်နဲ့ အမြဲသောက်သုံးလေ့ရှိတယ်။
အဲဒီခွက်ကို ဗင်န်ယာမီးန်ရဲ့ ခရီးဆောင် ပစ္စည်းတွေထဲမှာ
ထည့်လိုက်တယ်။ (ညီနောင်တွေဟာ အီဂျစ်ကနေ ထွက်ခွါသွားတော့မယ့်
အချိန်မှာ) ကြေငြာတဲ့သူက
“အသင်တို့ဟာ သူခိုးတွေပဲ”လို့ ကြေငြာလိုက်တယ်။
အဲဒါနဲ့ ညီအစ်ကိုတွေက ပြန်လှည့်လာပြီး
“ဘာတွေပျောက်ဆုံးလို့လဲ”လို့ မေးမြန်းကြတယ်။
“ ဘုရင့်ရဲ့ အဖိုးတန် ခွက်ပျောက်နေတယ်။ အဲဒီခွက်ကို
ယူဆောင်လာပေးတဲ့သူအတွက် ကုလားအုတ်တစ်စီးစာ စားနပ်ရိက္ခာ ရရှိမယ်”
“ ၎င်းတို့က အလ္လာဟ်အရှင်မြတ်အား တိုင်တည်ပြောအံ့။
ကျွန်တော်တို့ဟာာ တိုင်းပြည်မှာ ဆူပူသောင်းကျန်းဖို့အတွက်
လာခဲ့ကြတာ မဟုတ်သလို သူခိုးတွေလည်း မဟုတ်ဘူး ဆိုတာ
အသင်တို့ ကောင်းကောင်းသိကြပါတယ်လို့ ပြောဆိုကြတယ်” (ကုရ်အာန် - ၁၂း ၇၃)
“ (အဲဒီအခါမှာ ကြေငြာသူတို့က) အကယ်လို့ အသင်တို့ဟာ
လိမ်လိမ်သူတွေဖြစ်ကြမယ်ဆိုရင် အဲဒီ(ခိုး)သူရဲ့ အပြစ်ဒဏ်ဟာ
ဘာဖြစ်မှာလဲလို့ (မေးမြန်း)ပြောဆိုကြတယ်။” (ကုရ်အာန် - ၁၂း ၇၄)
“(ညီအစ်ကိုတွေက) အကြင်သူရဲ့ ခရီးဆောင်ပစ္စည်းထဲမှာ
အဲဒီ(ပစ္စည်း) တွေ့ရှိခဲ့မယ်ဆိုရင် သူ့ကို (ခိုးခံရတဲ့ ပစ္စည်း)
အစားယူလိုက်ရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ဒီအတိုင်းပဲ
အပြစ်ကျူးလွန်သူကို အစားပေးလေ့ရှိပါတယ် လို့ ပြောဆိုကြတယ်” (ကုရ်အာန် - ၁၂း ၇၅)
(အဲဒီလိုပြောဆိုကြပြီး ရှာဖွေတဲ့အခါမှာ) ရေခွက်ဟာ ဗင်န်ယာမီးန်ရဲ့
ခရီးဆောင် ပစ္စည်းတွေထဲကနေ ထွက်လာတယ်။ ညီအစ်ကိုတွေဟာ
အံ့သြရှက်ရွံ့သွားကြတယ်။ ဒါပေမယ့် သူတို့ဟာ မရှက်ရွံ့တဲ့ ပုံစံနဲ့
“အကယ်လို့ ဗင်န်ယာမီးန်က ခိုးခဲ့တယ်ဆိုရင် သူ့ရဲ့အစ်ကို ယူစွဖ်ကလည်း
အရင်က ခိုးခဲ့ဖူးလို့ပါ”ဆိုပြီး(သူတို့ အပြစ်ရှောင်ဖို့အတွက်) ပြောဆိုကြတယ်။
ယူစွဖ်(အလိုင်ဟိစ္စလာမ်)က အဲဒီ စွပ်စွဲချက်ကိုကြားပေမယ့်
စိတ်မဆိုး ဒေါသမထွက်ပဲ တိတ်တိတ်လေးသာနေနေတယ်။
ယူစွဖ်(အလိုင်ဟိစ္စလာမ်) ဟာ ဥာဏ်အမြော်အမြင်နဲ့ ပြည့်စုံတဲ့ မွန်မြတ်သူတစ်ဦးပါ။
“ (ညီအစ်ကိုတွေက) အို- အဇီးဇ်(ဘုန်းတန်ခိုးကြီးသူ) အမှန်တကယ်ပဲ
အဲဒီညီငယ်မှာ အရမ်းအိုမင်းတဲ့ ဖခင်ကြီး ရှိပါတယ်။ ဒါကြောင့် သူ့ရဲ့အစား
ကျွန်တော်တို့ထဲက တစ်ယောက်ယောက်ကို အသင် ခေါ်ထားလိုက်ပါ။
အမှန်တကယ် ကျွန်တော်တို့ဟာ အသင့်ကို ကျေးဇူးပြုသူတစ်ဦးအဖြစ်
မြင်ကြပါတယ်လို့ ပြောဆိုကြတယ်” (ကုရ်အာန် - ၁၂း ၇၈)
“ (အဲဒီအချိန်မှာ ယူစွဖ်က) ငါတို့ဟာ ငါတို့ပစ္စည်းကို တွေ့ရှိတဲ့သူကလွဲပြီး
တစ်ခြားသူကို မဖမ်းဆီးဖို့ အလ္လာဟ်အရှင်မြတ်ရဲ့ ကာကွယ်စောင့်ရှောက်မှု
ရယူကြပါတယ်။ အမှန်စင်စစ် ငါတို့ဟာ (အသင်တို့ပြောသလို
လုပ်ခဲ့မယ်ဆိုရင်) မတရားတဲ့သူတွေ ဖြစ်ကြလိမ့်မယ် လို့
ပြောဆိုလိုက်တယ်” (ကုရ်အာန် - ၁၂း ၇၉)
အဲဒီလိုနဲ့ ဗင်န်ယာမီးန်ဟာ ယူစွဖ်(အလိုင်ဟိစ္စလာမ်) ဆီမှာပဲ
ကျန်ခဲ့တယ်။ ညီအစ်ကို နှစ်ယောက်လုံးဟာ အရမ်းကို ပျော်ရွှင်ကြတယ်။
တကယ်တော့ ယူစွဖ်(အလိုင်ဟိစ္စလာမ်) ဟာ သူ့ရဲ့ မိသားစုဝင်တွေ
တစ်ယောက်မှ မရှိပဲ အချိန်တော်တော်ကြာ တစ်ယောက်တည်း နေခဲ့ရတာ။
အလ္လာဟ်အရှင်မြတ်က သူ့ကို ဗင်န်ယာမီးန်နဲ့ ဆုံစည်းစေလိုက်တဲ့ အချိန်မှာ
သူ့ညီကို သူ့နားမှာထားပြီး အမြဲမြင်ချင်နေ၊ စကားတွေ
ပြောချင်နေတာ မဖြစ်သင့်ဘူးလား။
ဘာလဲ သူ့ညီကို သူ့ဆီမှာ နေစေတာဟာ မတရားမှုလား။
တကယ်တော့ ဒါဟာ ဘယ်တော့အခါ ဘယ်တော့မှ မတရားမှု မဟုတ်ဘူး။
ကဲ…… ချစ်ပရိတ်သတ်ကြီးရေ . . .
ကောင်းသထက်ကောင်းလာပြီနော် ဇာတ်သိမ်းတော့မှာပါ
ဘာတွေဆက်ဖြစ်ကြမလည်းဆိုတာကို
အပိုင်း(၁၁)မှာ ဆက်လက် အားပေး
ဖတ်ရှုကြပါလို့ ဆန္ဒပြုရင်း ….
မော်လ၀ီနူးရ်အဟ်မဒ်@မင်းထက်အောင်
Ahmad Mgk