ယူစွဖ်(အလိုင်ဟိစ္စလာမ်) ရဲ့ ညီအစ်ကိုတွေ ရောက်လာကြပြီ
=====================================
ယူစွဖ်(အလိုင်ဟိစ္စလာမ်) ပြောခဲ့သလိုပဲ အီဂျစ်နဲ့ ဆီးရီးယားမှာ
အငတ်ဘေးဆိုက်ခဲ့တယ်။ ယအ်ကူဗ် (အလိုင်ဟိစ္စလာမ်) အပါအဝင်
ရှားမ်ရဲ့ တိုင်းသူပြည်သားတွေက အီဂျစ်မှာ သနားကြင်နာတတ်တဲ့
လူတစ်ယောက်အကြောင်းကို ကြားသိခဲ့ကြတယ်။ အီဂျစ်မှာ အလွန်တရာ
မွန်မြတ်ရက်ရောတဲ့ သူတစ်ဦးရှိပြီး သူဟာ တိုင်းပြည်ရဲ့
ဘဏ္ဍာထိန်းဆိုတာကို ကြားသိခဲ့ကြတယ်။
လူတွေဟာ သူ့ဆီကို သွားပြီး အစားအသောက်တွေယူကြတယ်။
အဲဒါနဲ့ ယအ်ကူဗ် (အလိုင်းဟိစ္စလာမ်)က သူ့သားတွေကို
အီဂျစ်မှာ စားစရာတွေ သွားယူဖို့ ငွေကြေးတစ်ချို့ပေးပြီး လွှတ်လိုက်တယ်။
ဗင်န်ယာမီးန်ကိုတော့ သူနဲ့အတူထားထားတယ်။ ဘာလို့လဲဆိုတော့
ယအ်ကူဗ် (အလိုင်ဟိစ္စလာမ်)ကသူ့ကို အရမ်းချစ်တယ်လေ။
ဗင်ယာမီးန်ကို သူနဲ့ ဝေးရာကိုသွားဖို့ မလိုလားဘူး။ ယအ်ကူဗ်
(အလိုင်ဟိစ္စလာမ်)က ယူစွဖ်ကို စိုးရိမ်ခဲ့သလိုမျိုး သူ့အပေါ်လည်း
စိုးရိမ်ခဲ့တယ်။
ညီအစ်ကိုတွေဟာ ယူစွဖ်(အလိုင်ဟိစ္စလာမ်)ဆီကို လာနေပေမယ့်
သူတို့ ဦးတည်သွားနေတဲ့သူဟာ သူတို့ရဲ့ညီ ယူစွဖ်မှန်းမသိကြဘူး။
သူတို့ သွားနေတဲ့သူဟာ ရေတွင်းထဲက ယူစွဖ်ဆိုတာမသိကြဘူး။
သူတို့တွေဟာ ယူစွဖ်ကို သေဆုံးသွားပြီလို့ ထင်နေကြတယ်။
ရေတွင်းထဲမှာ ရှိနေခဲ့တာ ဘယ်လို မသေနိုင်မှာလဲ။ ရေတွင်းဟာ
အရမ်းကို နက်တယ်လေ။ ရေတွင်းက တောထဲမှာ ဖြစ်ပြီး တောက
အရမ်းကို နက်ပြီးကြောက်ဖို့ကောင်းတယ်လေ။ ပြီးတော့
အရမ်းမှောင်မဲတဲ့ ညဖက်မှာ။
“ အဲဒီနောက် ယူစွဖ်ရဲ့ ညီအစ်ကိုတွေလည်း (အီဂျစ်ကို) လာခဲ့ကြပြီး၊
ယူစွဖ်ထံ ဝင်ရောက်ခဲ့ကြတယ်။ အဲဒီအခါမှာ ယူစွဖ် သူတို့ကို မှတ်မိခဲ့တယ်။
ဒါပေမယ့် သူတို့ကတော့ ယူစွဖ်ကို မမှတ်မိကြပေ” (ကုရ်အာန် - ၁၂း ၅၈)
သူတို့တွေဟာ ယူစွဖ်(အလိုင်ဟိစ္စလာမ်) ကို မမှတ်မိကြဘူး။
ဒါပေမယ့် ယူစွဖ်(အလိုင်ဟိစ္စလာမ်) ကတော့ သူတို့ကို
ကောင်းကောင်းမှတ်မိနေခဲ့တယ်။ သူ့ကို ရေတွင်းထဲ ပစ်ချခဲ့တဲ့
သူတွေဆိုတာ ကောင်းကောင်းသိနေခဲ့တယ်။
သူတို့တွေဟာ သူ့ကို သတ်ဖို့ကြိုးစားခဲ့ပေမယ့် အလ္လာဟ်အရှင်မြတ်က
သူ့ကို ထိန်းသိမ်းစောင့်ရှောက်ခဲ့တယ်။ ဒါပေမယ့် ယူစွဖ်(အလိုင်ဟိစ္စလာမ်)
က သူတို့တွေကို ဘာတစ်ခွန်းမှ မပြောခဲ့သလို
သူတို့ရဲ့ မကောင်းမှုတွေကိုလည်း မဖော်ထုတ်ခဲ့ဘူး။
ယူစွဖ်(အလိုင်ဟိစ္စလာမ်)နဲ့ သူ့ညီနောင်တွေကြား
=============================
ယူစွဖ်(အလိုင်ဟိစ္စလာမ်)က သူ့ညီအစ်ကိုတွေကို မေးတယ်။
“အသင်တို့ ဘယ်ကလဲ”
“ကျွန်တော်တို့ ကန်(န်)အားန် ကပါ”
“အသင်တို့ရဲ့ ဖခင်ဘယ်သူလဲ”
“ အိဗ်ရာဟီမ်ရဲ့သား ၊ အစ်(စ်)ဟားက်ရဲ့သား . . ယအ်ကူဗ်
(အလိုင်းဟိမွတ် ဆွလဝါးသူ ဝစ္စလာမ်) ပါ။”
“ အသင်တို့ဆီမှာ နောက်ထပ်ညီ ရှိသေးလား”
“ ဟုတ်ကဲ့ ရှိပါတယ်။ သူ့နာမည်က ဗင်န်ယာမီးန်ပါ”
“ သူ့ကို ဘာလို့ အသင်တို့နဲ့အတူ မခေါ်လာတာလဲ”
“ ကျွန်တော်တို့ အဖေက သူ့ကို မလွှတ်ဘူး။ သူနဲ့ ဝေးရာကို ခေါ်သွားတာကို မကြိုက်ဘူး”
“ ဘာလို့ မလွှတ်တာလဲ။ ဘာလဲ . . သူက ကလေးလေးမို့လို့လား”
“ မဟုတ်ပါဘူး။ သူ့ဆီမှာ ယူစွဖ်ဆိုတဲ့ အစ်ကိုတစ်ယောက်ရှိခဲ့ဖူးတယ်။
အဲဒီယူစွဖ်ဟာ ကျွန်တော်တို့နဲ့ အတူ တစ်ကြိမ်လိုက်ခဲ့ဖူးတယ်။
ကျွန်တော်တို့ သူ့ကို ပစ္စည်းတွေနဲ့ထားခဲ့ပြီး အပြေးပြိုင်ဖို့သွားတဲ့အချိန်မှာ
သူ့ကို ဝံပုလွေစားသွားခဲ့တယ်။”
ယူစွဖ်(အလိုင်ဟိစ္စလာမ်) က စကားတစ်ခွန်းမှ မပြောပဲ စိတ်ထဲမှာ
ရယ်နေခဲ့တယ်။ ပြီးတော့ ယူစွဖ်(အလိုင်ဟိစ္စလာမ်) ဟာ
သူ့ရဲ့ညီ ဗင်န်ယာမီးန်ကို အရမ်းလွမ်းဆွတ် သတိရနေခဲ့တယ်။
အလ္လာဟ်အရှင်မြတ်က ယအ်ကူဗ် (အလိုင်ဟိစ္စလာမ်)ကို နောက်တစ်ကြိမ်
စမ်းသပ်ဖို့ ရည်ရွယ်ခဲ့တယ်။ ယူစွဖ်(အလိုင်ဟိစ္စလာမ်) က
သူ့ညီနောင်တွေကို စားစရာတွေ ပေးဖို့ အမိန့်ပေးလိုက်တယ်။ ပြီးတော့
“ အသင်တို့ ဖခင်ဖက်ကနေ တော်စပ်တဲ့ အသင်တို့ ညီတော်ကို
ကျွန်တော့်ထံကို ခေါ်ဆောင်လာခဲ့ကြပါ” (ကုရ်အာန် - ၁၂း ၅၉)
“ (နောက်တစ်ခါ) သူ့ကို မခေါ်လာပဲ အသင်တို့ လာမယ်ဆိုရင်တော့ စားစရာရမှာမဟုတ်ဘူး”
ယူစွဖ်(အလိုင်ဟိစ္စလာမ်)က သူ့ညီအစ်ကိုတွေရဲ့ ငွေတွေကို သူတို့ရဲ့
ခရီးဆောင်ပစ္စည်းတွေထဲ(တိတ်တိတ်လေး) ပြန်ထည့်ပေးလိုက်ဖို့
အမိန့်ပေးလိုက်တယ်။
ကဲ…… ချစ်ပရိတ်သတ်ကြီးရေ . . .
တမန်တော်ယူစွဖ်(အလိုင်ဟိစ္စလာမ်) နှင့် သူညီအကိုတွေနဲ့
ဘာတွေဆက်ဖြစ်ကြမလည်းဆိုတာကို
အပိုင်း(၁၀)မှာ ဆက်လက် အားပေး
ဖတ်ရှုကြပါလို့ ဆန္ဒပြုရင်း ….
မော်လ၀ီနူးရ်အဟ်မဒ်@မင်းထက်အောင်
Ahmad Mgk
No comments:
Post a Comment