Saturday, 14 March 2015

တမန်တော်ယူစွဖ်(အလိုင်းဟိစ္စလာမ်)ရဲ့ ဖြစ်ရပ်မှန် အတ္ထုပတ္တိ(4)

ရေတွင်းထဲမှသည် ရဲတိုက်ကြီးဆီသို့
========================

ခရီးသည် တစ်စုဟာ အဲဒီတောအုပ်ကနေ ဖြတ်သန်းသွားရင်း လမ်းမှာရေဆာလာကြတယ်။ အဲဒါနဲ့ ရေတွင်းကို လိုက်ရှာကြတယ်။ ရေတွင်းကိုလည်းတွေ့ရော လူတစ်ယောက်ကို ရေယူဖို့ လွှတ်လိုက်တယ်။ အဲဒီလူက ရေတွင်းကိုလာပြီး ရေခပ်ဖို့ ပုံးကိုရေတွင်းထဲ ချလိုက်တယ်။ ပြီးတော့ ရေပုံးကို ပြန်ဆွဲတင်တဲ့ အချိန်မှာ ရေပုံးက အရမ်းလေးနေတယ်။ ရေပုံးကိုလဲ အပေါ်လည်း ဆွဲတင်လိုက်ရော ကလေးလေးတစ်ယောက် ရေပုံးထဲပါလာတာ တွေ့လိုက်ရတယ်။ အဲဒီလူဟာ အရမ်းကို အံ့သြသွားပြီး သူ့လူတွေကို အော်ခေါ်လိုက်တယ်။

(အို အချင်းတို့ . . ဝမ်းမြောက်ဖွယ်ပဲ။ ဒီမှာ (ချောမောလှပတဲ့) ကလေးတစ်ယောက်) (ကုရ်အာန်- ၁၂း၁၉)

ခရီးသွားတွေဟာ အရမ်းကို ဝမ်းသာသွားကြတယ်။ ယူစွဖ်လေးကို သေချာဝှက်ထားလိုက်ကြတယ်။ သူတို့ဟာ အီဂျစ်ကိုရောက်တာနဲ့ ဈေးမှာ (ယူစွဖ်လေးကို ကျွန်အဖြစ်) အော်ပြီးရောင်းကြတယ်။

“ဒီကလေးကို ဘယ်သူဝယ်မလဲ။ ဒီကလေးကို ဘယ်သူဝယ်မလဲ။????”

အဇီးဇ်ဆိုတဲ့ ပုဂ္ဂိုလ်က ယူစွဖ်လေးကို ငွေဒင်္ဂါးတွေနဲ့ ဝယ်လိုက်တယ်။ ကုန်သည်တွေဟာ ယူစွဖ်လေးကို ဘယ်သူမှန်း မသိဘဲနဲ့ကို ရောင်းသွားကြတယ်။ အဇီးဇ်ဟာ ယူစွဖ်လေးကို သူ့ရဲ့ ရဲတိုက်ကြီးဆီကို ခေါ်သွားတယ်။ ပြီးတော့ သူ့မိန်းမကို

“ ယူစွဖ်ကို ဂုဏ်သိက္ခာရှိစွာထားပါ။ သူဟာ ဥာဏ်ထက်တဲ့ ကလေးတစ်ဦးဖြစ်တယ်” လို့ ပြောတယ်။ (အဇီးဇ်ဟာ ယူစွဖ်လေးကို မွေးစားလိုက်တယ်။)

(ဇ) တည်ကြည်ခြင်းနဲ့ သစ္စာရှိခြင်း
===================

(ယူစွဖ်လေးဟာ တဖြည်းဖြည်းနဲ့ အရွယ်ရောက်လာပြီး အရမ်းကို ချောမောလှပတဲ့ လူငယ်တစ်ဦးဖြစ်လာခဲ့တယ်။ အဲဒါနဲ့ အဇီးဇ်ရဲ့မိန်းမဟာ ယူစွဖ်ကို နှစ်သက်စုံမက်လာခဲ့တယ်။ တစ်နေ့ အဇီးဇ်ရဲ့မိန်းမဟာ ရဲတိုက်ရဲ့ တံခါးတွေကို အဆင့်ဆင့်ပိတ်၊ သော့တွေကို သေချာခတ်ပြီး) ယူစွဖ်ကို ဖောက်ပြန်ဖို့အတွက် ချော့မော့မြူဆွယ်တယ်။ ဒါပေမယ့် ယူစွဖ်က ငြင်းတယ်။

“လုံးဝကို မလုပ်နိုင်ဘူး။ ကျွန်တော်ဟာ ကျွန်တော့် ကျေးဇူးရှင်ကို သစ္စာမမဲ့ဘူး။ သူဟာ ကျွန်တော့်အပေါ်မှာ ကောင်းခဲ့တယ်။ ကျွန်တော့်ကို ဂုဏ်ပေးခဲ့တယ်။ ပြီးတော့ ကျွန်တော် အလ္လာဟ်အရှင်မြတ်ကို ကြောက်တယ်။”

[အဲလို ပြောပြီးတော့ ယူစွဖ်ဟာ လှည့်ပြီးထွက်ပြေးတယ်။ အဇီးဇ်ရဲ့ မိန်းမဟာ ယူစွဖ်ကို အနောက်ကနေ လှမ်းဆွဲလိုက်တဲ့အခါ ယူစွဖ်ရဲ့ အင်္ကျီဟာ အနောက်ကနေ ဆုတ်ပြဲသွားတယ်။ ယူစွဖ်ဟာ လှည့်ပြီး ထွက်ပြေးတဲ့အချိန်မှာ အလ္လာဟ်အရှင်မြတ်ရဲ့ အကူအညီနဲ့ ပိတ်ထားတဲ့ တံခါး၊ ခတ်ထားတဲ့ သော့တွေဟာ သူ့အလိုလိုပွင့်ကုန်တယ်။ ယူစွဖ်ဟာ အဇီးဇ် မိန်းမရဲ့ မြူဆွယ်မှုကနေ လွတ်မြောက်သွားခဲ့တယ်။] (စာရေးသူ)

အဲဒါကို မကျေနပ်တဲ့ အဇီးဇ်ရဲ့မိန်းမက သူ့ယောက်ျားကို လုပ်ကြံပြီး တိုင်တန်းတယ်။ ယူစွဖ်ဟာ သူ့ကို အဓမ္မကြံဖို့ ကြိုးစားပါတယ်ဆိုပြီးတော့ပေါ့။ အဇီးဇ်ဟာ သူ့ကို သူ့မိန်းမ လိမ်နေတယ်ဆိုတာ သိနေခဲ့တယ်။ ပြီးတော့ ယူစွဖ်က သစ္စာရှင် ဆိုတာလည်း သိနေခဲ့တယ်။

[အဲဒါနဲ့ အဇီးဇ်က ယူစွဖ်ကို ခေါ်ပြီးမေးတယ်။ ယူစွဖ်က . . .

“ တကယ်တော့ ထိုမိန်းမကသာ ကျွန်တော့်ကို ချော့မော့ မြူဆွယ်ခဲ့တာပါ” လို့ ဖြေတယ်။ ဒီလိုနဲ့ စကားတွေ တစ်ဖက်နဲ့ တစ်ဖက် အပြန်အလှန် ဖြစ်နေကြတယ်။

အဲဒီအချိန်မှာ
အဲဒီမိန်းမဖက်က ဆွေမျိုးတစ်ယောက်က

“ဒါဆိုရင် ယူစွဖ်ရဲ့ အင်္ကျီကို ကြည့်ရအောင်။ အကယ်လို့ အင်္ကျီက အရှေ့က စုတ်ပြဲတယ်ဆိုရင် အမျိုးသမီးမှန်တယ်။ ယူစွဖ်က လိမ်ပြောတာ။ အကယ်လို့ အင်္ကျီဟာ အနောက်က ဆုတ်ပြဲတယ် ဆိုရင် ယူစွဖ်မှန်တယ်။ အမျိုးသမီးဟာ လိမ်ပြောတဲ့သူဖြစ်တယ်။"

အဲဒါနဲ့ အဇီးဇ်က အင်္ကျီကို စစ်ဆေးလိုက်တဲ့ အခါမှာ အင်္ကျီဟာ အနောက်က ဆုတ်ပြဲနေတာ တွေ့လိုက်ရတယ်။ ဒါနဲ့ အဇီးဇ်က သူ့မိန်းမကို
(ဒါဟာ မိန်းမတို့ရဲ့ စဉ်းလဲဉာဏ်သာဖြစ်သည်။ မိန်းမတို့ရဲ့ စဉ်းလဲဉာဏ်ဟာ ကြီးမားလွန်းလှပါပေတယ်) (ကုရ်အာန် - ၁၂း၂၈)

ပြီးတော့ အဇီးဇ်က ယူစွဖ်ကို ဒီကိစ္စနဲ့ ပတ်သက်ပြီး လျစ်လျုရှုလိုက်ဖို့ ပြောလိုက်တယ်။ ပြီးတော့ သူ့မိန်းမကို ထပ်ပြီး

“အသင်မရဲ့ ပြစ်မှုအတွက် ဝန်ချတောင်းပန်ပြီး လွတ်ငြိမ်းချမ်းသာခွင့် တောင်းပါ။] (စာရေးသူ)

(အမှန်တကယ်ပဲ အသင်မဟာ ပြစ်မှုကျုးလွန်သူ တစ်ဦးဖြစ်ပေတယ်) (ကုရ်အာန်- ၁၂း၂၉)

အဲဒီမြို့မှာ ယူစွဖ်ဟာ ချောမောလှပမှုကြောင့် ထင်ရှားတယ်။ သူ့ကို တစ်ယောက်ယောက်က တွေ့တာနဲ့

“ သူဟာ လူသားတစ်ဦး မဖြစ်နိုင်။ သူဟာ ကောင်းချီးမင်္ဂလာနဲ့ ပြည့်စုံတဲ့ ကောင်းကင်တမန်တစ်ပါးသာ ဖြစ်ပေတယ်” လို့ တအံ့တသြ ပြောဆိုကြတယ်။ (ကုရ်အာန် - ၁၂း ၃၁)

ဒါကြောင့် အဇီးဇ်ရဲ့ မိန်းမဟာ ပိုပြီး ဒေါသထွက်လာတယ်။ နောက်ဆုံး သူမက ယူစွဖ်ကို

“(သင် . . ငါ့အလိုကို မလိုက်လျောရင်) ထောင်ထဲသာ သွား”လို့ပြောလိုက်တယ်။

ယူစွဖ်ကလည်း “(ကျွန်တော့်အတွက် အကျဉ်းထောင်ဟာ ပိုပြီး နှစ်သက်ဖို့ ကောင်းပါတယ်)”လို့ ပြန်ပြောလိုက်တယ်။ (ကုရ်အာန် - ၁၂း ၃၃)

နောက်ထပ် ရက်အနည်းငယ် ကြာပြီးတဲ့နောက်မှာ အဇီးဇ်ဟာ ယူစွဖ်ကို ထောင်ထဲထည့်ဖို့ ဆုံးဖြစ်လိုက်တယ်။ ဒါပေမယ့် ယူစွဖ်ဟာ အပြစ်ကင်းသူ တစ်ယောက်ဆိုတာကို အဇီးဇ်က သိနေခဲ့တယ်။ ဒီလိုနဲ့ ယူစွဖ်ဟာ အကျဉ်းထောင်ထဲ ရောက်သွားခဲ့တယ်။

ကဲ…… ချစ်ပရိတ်သတ်ကြီးရေ……

မော်​လ၀ီနူးရ်​အဟ်​မဒ်​ @ မင်းထက်​​အောင်
Ahmad Mgk

No comments:

Post a Comment