Monday, 16 March 2015

တမန်တော်ယူစွဖ်(အလိုင်းဟိစ္စလာမ်)ရဲ့ ဖြစ်ရပ်မှန် အတ္ထုပတ္တိ(5)

ထောင်တွင်းမှ ဆုံးမသြဝါဒ
===================
ယူစွဖ်ဟာ အကျဉ်းထောင်ထဲကို ရောက်လာခဲ့တယ်။ သူဟာ အလွန်ကို မွန်မြတ်တဲ့ လူငယ်လေးတစ်ယောက်ဆိုတာကို ထောင်သားအားလုံးက သိကြတယ်။ ပြီးတော့ ယူစွဖ်က အသိဉာဏ် ပညာပြည့်ဝကြောင်း၊ သနားကြင်နာတဲ့ နှလုံးသားရှိကြောင်းကိုလည်း အားလုံးက သိကြတယ်။ ဒါကြောင့် သူတို့က ယူစွဖ်ကို ချစ်ခင်ကြပြီး ဂုဏ်ပေးလေးစားကြတယ်။ ထောင်သားတွေဟာ ယူစွဖ်ရောက်လာတဲ့အတွက် ပျော်ရွှင်ကြပြီး ယူစွဖ်ကို အလေးအနက် တန်ဖိုးထားကြတယ်။

ထောင်ထဲမှာ ယူစွဖ်နဲ့ အတူတူသူ လူငယ်နှစ်ဦးလည်း ရောက်လာခဲ့တယ်။ တစ်နေ့ သူတို့နှစ်ယောက်က ယူစွဖ်ကို သူတို့ရဲ့ အိပ်မက်အကြောင်း ပြောပြတယ်။

(ထိုနှစ်ဦးအနက်မှ တစ်ဦးက “အိပ်မက်ထဲမှာ ကျွန်တော်ဟာ စပျစ်ရည်ညှစ်နေတယ်” လို့ မြင်မက်တယ်။ အခြားတစ်ဦးက “ကျွန်တော်ဟာ ဦးခေါင်းပေါ်မှာ မုန့်(ဗျက်)ကို ရွက်ထားတယ်။ ငှက်တွေဟာ အဲဒီမုန့်ကို (နှုတ်သီးတွေနဲ့ ထိုးပြီး ) စားနေကြတယ်”လို့ မြင်မက်တယ်။) (ကုရ်အာန် - ၁၂း ၃၆)

သူတို့ နှစ်ယောက်က ယူစွဖ်ကို အိပ်မက်သဘောနဲ့ ပတ်သက်ပြီး မေးမြန်းကြတယ်။ ယူစွဖ်ဟာ အိပ်မက်တွေရဲ့ အလိုသဘောကို သိနားလည်ခဲ့တယ်။ ယူစွဖ်ဟာ နဗီတွေထဲက နဗီတစ်ပါးသာဖြစ်တယ်။ လူတွေဟာ သူ့အချိန်အခါမှာ အလ္လာဟ်အရှင်မြတ်ကို မကိုးကွယ်ကြဘူး။ သူတို့တွေဟာ သူတို့ကိုယ်တိုင် ကိုးကွယ်ရာတွေကိုအများကြီး ပြုလုပ်ပြီး ကိုးကွယ်ကြတာ။

“ ဒီဟာက ကုန်းမြေအရှင်၊ ဒီဟာကတော့ ရေမြေ့အရှင် ၊ ဒီဟာက စားနပ်ရိက္ခာပေးတဲ့ အရှင်၊ ဒီဟာက မိုးရွာစေတဲ့ အရှင်” စသဖြင့်ပေါ့။

ယူစွဖ်က အဲဒါတွေအားလုံးကို မြင်ပြီး ရယ်မောတယ်။ ပြီတော့ ယူစွဖ်ဟာ အဲဒီအရာတွေ အားလုံးကို သိတဲ့အတွက်ကြောင့်လည်း ငိုကြွေးမိတယ်။ ယူစွဖ်က သူတို့ကို အလ္လာဟ်အရှင်မြတ်တစ်ပါးတည်းကိုသာ ခဝပ်ကိုးကွယ်ဖို့ ဒအ်ဝသ်ပေး ဖိတ်ခေါ်ချင်ခဲ့တယ်။ အလ္လာဟ်အရှင်မြတ်ကလည်း အဲဒီ ဖိတ်ခေါ်မှုကို ထောင်ထဲမှာ ဖြစ်ဖို့ ရည်ရွယ်ခဲ့တယ်။

“ထောင်သားတွေဟာ ဆုံးမသြဝါဒ (ဒအ်ဝသ်ဖိတ်ခေါ်မှု)နဲ့ မထိုက်တန်လို့လား”

“ထောင်သားတွေဟာ (အရှင်မြတ်ရဲ့) သနားဂရုဏာနဲ့ မထိုက်တန်လို့လား”

“ထောင်သားတွေဟာလည်း အရှင်မြတ်ရဲ့ ကျေးကျွန်တွေပဲ မဟုတ်လား”

“ထောင်သားတွေဟာလည်း အာဒမ် (အလိုင်ဟိစ္စလာမ်)ရဲ့ သားသမီးတွေပဲ မဟုတ်လား”

ယူစွဖ်က ထောင်ထဲမှာ ရှိနေခဲ့ပေမယ့် သူဟာ လွတ်လပ်ပြီး သတ္တိရှိတဲ့သူ ဖြစ်တယ်။ သူက ဆင်းရဲသားတစ်ဦးဖြစ်ပေမယ့် အရမ်းကို အလှူအဒါန်း ရက်ရောတဲ့ သူဖြစ်တယ်။ တကယ်တော့ နဗီတိုင်းဟာ အမှန်တရားကို နေရာတိုင်းမှာ ပြောရဲတဲ့ သူတွေပဲ ဖြစ်တယ်။ ပြီးတော့ နဗီတိုင်းဟာ အချိန်တိုင်းမှာ ရက်ရောပေးကမ်းကြတဲ့ သူတွေဖြစ်တယ်။ ပြီးတော့ နဗီတိုင်းဟာ ကောင်းမှုတွေကို အချိန်တိုင်းမှာ ကြိုးစားဆောင်ရွက်ကြတဲ့ သူတွေဖြစ်တယ်။

ယူစွဖ်(အလိုင်ဟိစ္စလာမ်)ရဲ့ ဉာဏ်အမြော်အမြင်
==============================

ယူစွဖ်(အလိုင်ဟိစ္စလာမ်)က စိတ်ထဲမှာ . .

“ လိုအပ်ချက်ကတော့ ဒီလူနှစ်ယောက်ကို ငါ့ဆီခေါ်လာပြီ။ လိုအပ်သူဟာ လိုအပ်မှုရှိတဲ့ အချိန်မှာ နူးညံ့ပျော့ပြောင်းပြီး ရိုကျိုးတတ်တယ်။ အမိန့်တွေကို လိုက်နာကြပြီး စကားနားထောင်ကြတယ်။ အကယ်လို့ ငါဟာ သူတို့နှစ်ယောက်ကို တစ်ခုခုပြောလိုက်ရင် သူတို့ အသေအချာကို နားထောင်ကြမှာ။ ပြီးတော့ ထောင်သားတွေ အားလုံးလည်း နားထောင်ကြမှာပဲ”

ဒါပေမယ့် ယူစွဖ်(အလိုင်ဟိစ္စလာမ်)က အလျင်မလိုခဲ့ပါဘူး။ ယူစွဖ်(အလိုင်ဟိစ္စလာမ်)က သူတို့နှစ်ယောက်ကို

“သင်တို့နှစ်ယောက်ရဲ့ အိပ်မက်သဘောကို အသင်တို့ နှစ်ယောက်အတွက် အစားအစာမလာခင်မှာပဲ ကျွန်တော် ပြောပြမယ်” လို့ပြောလိုက်တယ်။

အဲဒါနဲ့ အဲဒီနှစ်ယောက်ဟာ စိတ်အေးသွားပြီး ထိုင်လိုက်ကြတယ်။ ပြီးတော့ ယူစွဖ်(အလိုင်ဟိစ္စလာမ်)က

“ကျွန်တော်ဟာ အိပ်မက်သဘောကို နားလည်ပါတယ်။
(ဒါဟာ ကျွန်တော့်ကို ကျွန်တော်ရဲ့ အရှင်မြတ်က သင်ကြားပေးတော်မူခဲ့တဲ့ ပညာတွေထဲက ဖြစ်ပေတယ်) (ကုရ်အာန် - ၁၂း ၃၇)

လူငယ်နှစ်ယောက်ကလည်း ဝမ်းသာပြီး စိတ်အေးသွားကြပြန်တယ်။
အဲဒီအချိန်မှာမှ ယူစွဖ်(အလိုင်ဟိစ္စလာမ်)ဟာ အခွင့်အရေးကို အမိအရ ဆုပ်ကိုင်လို့ သူတို့ကို စပြီး ဆုံးမသြဝါဒ ပေးတယ်။

ကဲ…… ချစ်ပရိတ်သတ်ကြီးရေ . . .

တမန်တော်ယူစွဖ်(အလိုင်ဟိစ္စလာမ်) အကျဉ်းထောင်ထဲမှာ လူငယ်နှစ်ယောက်ကို
ဘယ်လို ဆုံးမသြဝါဒတွေ ပေးမလဲဆိုတာကို အပိုင်း(၆)မှာ ဆက်လက် အားပေး
ဖတ်ရှုကြပါလို့ ဆန္ဒပြုရင်း ….

မော်​လ၀ီနူးရ်​အဟ်​မဒ်​@မင်းထက်​​အောင်
Ahmad Mgk

No comments:

Post a Comment